မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်
ခရစ်သက္ကရာဇ် 2014 ခုနှစ် ညောင်ဦးမြို့
" မရွာမိလျင် မျှော်ရော့ ၊ ရွှာမိလျင် တော်တော့ "
ဟူ၍ ဆိုရိုးရှိသည့် အညာမိုးကား
ညကတည်းက ခုချိန် မနက်စောစော ထိ
လုံးဝ မစဲမဖွဲပဲ သည်းသည်းမည်းမည်း ရွာနေခဲ့တာပင် ။
အိမ်ခေါင်မိုးသွပ်ပြားများမှ မိုးသံလေသံ တဝုန်းဝုန်း
မြည်နေသည့်တိုင် ...
မင်းကျန်စစ် အိပ်ယာထက်၌ စောင်ကို ခေါင်းမြီးခြုံကာ စည်းစိမ်ယူကာ
မှိန်း၍ ကောင်းနေဆဲ။
" မင်းကျန်စစ် ... သား ... ထတော့ ... ရှစ်နာရီပဲ ကျော်နေပြီ..
ဒီနေ့ ကျောင်းဖွင့်ပြီ မဟုတ်လား.."
" အွန်း..."
အဖေ့ရဲ့ နှိုးဆော်သံ သြသြကို မျက်လုံး မဖွင့်ပဲ
မင်းကျန်စစ် ပြန်တုံ့ပြန်မိသည်။
" အွန်းမလုပ်နဲ့ ထတော့ဟေ့ကောင်....
ကျောင်းသွားဖို့လုပ် "
နည်းနည်းတင်းမာစ ပြုလာသော အဖေ့လေသံကြောင့်
မင်းကျန်စစ် ကိုယ်ကိုလုံးထွေးထားသော အကွက်ရိုက် အညာစောင်ပါးပါးကို ဆွဲခွာကာ
လူးလွန့်၍ အိပ်ယာထက်မှ ထလိုက်သည် ။
နာရီကိုကြည့်တော့ ရှစ်နာရီပင်ခွဲလုပြီ
ကျောင်းက ကိုးနာရီ တက်သည်မဟုတ်လား...
အပြင်မှာတော့ မိုးက သည်းမည်းစွာရွာနေတုန်း ရှိသေး၏ ။
" ဪ အညာမိုး အညာမိုး
ရွာပြန်တော့လဲ ၊ တသဲသဲ တစိုစို
ငြိုးသလိုနှိပ်စက် ၊ ယာခင်းပျက်
ဆိုသလို သည်းကြီးမဲကြီးကို ချနေတာပါလားဟေ့.."
အဖေက သမိုင်းစာအုပ်တစ်အုပ်ကိုဖတ်နေရင်း
အပြင်ကိုကြည့်ကာ ကဗျာတစ်ပိုင်းတစ်စကို
ရေရွတ်နေလေ၏ ။
မင်းကျန်စစ်လဲ အိမ်ရှေ့က မျက်နှာသစ်ရေချိုးရာနေရာ
ပီပါပိုင်း လေး ရှိရာ သို့ မိုးရွာထဲ အပြေးကလေး သွား၍ ခပ်မြန်မြန် ကိုယ်လက်သန့်စင်လိုက်သည် ။
ရာသီဥတုက ချမ်းအေးလှသည်ကိုး.....
" ဒီမှာ အဖေ ထမင်းကြော်ထားတယ်...
မြန်မြန်စားပြီးသွားတော့...
စားပွဲပေါ်မှာ ထီးနဲ့ မုန့်ဖိုးတင်ထားတယ်ယူသွား
ပထမဆုံးနေ့ဆိုပြီး မပေါ့နဲ့ စာသေချာလိုက်ကြည့် "
အဝတ်လဲကာ...ခေါင်းပေါ်မှရေများအား ခြောက်အောင်
သုတ်နေစဉ် အဖေက အမှာစကားတွေ တတွတ်တွတ်
ပြောကာ အမိန့်ပေးနေလေ၏
အဖေတစ်ခု သားတစ်ခု ဆိုတော့ မင်းကျန်စစ်၏
မနက်ခင်းက ဒီထက်ပိုလွန်၍ ထူးခြားမှုမရှိခဲ့ပါ ။
မင်းကျန်စစ်၏ အမေက မင်းကျန်စစ်ကို မွေးဖွားပြီး
သိပ်မကြာခင်မှာပင် ဆုံးပါးသွားခဲ့တာပင် ။
အမေ ဆုံးတော့အဖေက ရုံးစာရေး အလုပ်မှထွက်ကာ
ရွှေစည်းခုံဘုရားတွင် စုမိဆောင်းမိသော ငွေသားကလေးများနှင့်
ပုဂံလက်ဆောင် ဆိုင်လေးတစ်ဆိုင်ဖွင့်ကာ
တစ်ဦးတည်း ရုန်းကန်ခဲ့ရသည်။
အဖေတစ်ခု သားတစ်ခု ဘဝဖြင့် မှီခိုရင်း ပြုစု ပျိုးထောင်ရင်း ဖြင့် အခုတော့ မင်းကျန်စစ် အဋ္ဌမတန်း သို့ပင်ရောက်ခဲ့ပြီ ။
ဒါ့အပြင် အဖေက ပုဂံကို ချစ်မြတ်နိုးသူ ဖြစ်လေတော့
မကြာခဏဆိုသလို .... ဂိုက်လဲ လုပ်တတ်သေး၏ ။
သို့သော် လာငှားတဲ့ သူတိုင်းနဲ့တော့ မလိုက်ဖြစ်
ခင်မင်ရင်းနှီးသူများ နှင့် မြန်မာ့ ယဉ်ကျေးမှုကို
စူးစမ်းလေ့လာ လိုစိတ်ရှိကြသော နိုင်ငံခြားသားများကိုသာ
အဖေက ဂိုက်လုပ်ပေးတတ်၏ ။
ထိုတစ်ခုကတော့ မင်းကျန်စစ် က ဖအေတူသည် ဆိုရမည် ။
မင်းကျန်စစ် ပုဂံကိုချစ်သည်
ပုဂံကိုတင်မဟုတ် ပုဂံနှင့် ပတ်သတ်သည့်အရာရာ တိုင်းကို
မင်းကျန်စစ် မြတ်နိုးသည် ။
ပုဂံ ၏ အိုဟောင်းမှု ၊ ဗိသုကာ လက်ရာများ
ဆေးရေးပန်းချီလက်ရာတွေ ပန်းဆယ်မျိုးလက်ရာများ
စေတီပုထိုးများ ၊ ပုဂံ ၏ ရာသီဥတု
ပုဂံ၏ သမိုင်း အားလုံး ကို မင်းကျန်စစ် မြတ်နိုးသည်
တန်ဖိုးထားသည်။
ထို့နောက်တွင်မူ မင်းကျန်စစ် ထူးထူးခြားခြား
မြတ်နိုးမိသော အရာ ရှိသေး၏ ။
" တမာ"
ဟုတ်ပေသည် ။ တမာတွေကို မင်းကျန်စစ် မြတ်နိုးသည်
သူများတွေကတော့ တမာကို ခါးသည်ဟုဆိုကာ
အပြစ်ပြောကြ၏..... ရှုံ့ချကြ၏.....
မင်းကျန်စစ်ကတော့ တမာကို ချစ်သည်
ပုဂံ လမ်းများ၏ ဘေးတစ်ဖက်စီတွင် စီတန်းပေါက်ရောက်နေသော
တမာပင်များက ပုဂံကို စိမ်းစိုသော အသွင် ဆောင်စေသည် ။
တမာပင်၏ အရိပ်များကလဲ လူများကို အယုတ်အလတ် အမြတ်မရွေး
အေးမြစေသည် ။
ထို့ကြောင့် မင်းကျန်စစ် တမာတွေကိုချစ်သည်
သူတို့ဟာ အရသာခါးပေမယ့် အရိပ်ဖြင့် အေးစေသည် မဟုတ်ပါလား ။
" အဖေရေ ... သား သွားပြီ..."
" အေးအေး.... သေချာသွား ချော်လဲမယ်.."
အဖေ့ကို ခေါင်းညိမ့်ပြရင်း သူထည့်ပေးလိုက်သည့်
အမဲရောင် ထီးကောက်ကြီးကို စောင်းကာ
မင်းကျန်စစ် ခြေလှမ်းများက ကျောင်းကိုဦးတည်လိုက်သည် ။
မိုးက ခုမှ ဖွဲတယ်ဆိုရုံလေး ဖြစ်ကာ ခုနကထပ် အနည်းငယ်
အားလျော့လို့လာသည် ...။
မင်းကျန်စစ် ကျောင်းစိမ်းပုဆိုးကို ခပ်တိုတိုဝတ်
လွယ်အိတ်ကို တိုသွားစေရန် ကြိုးထုံးကာ
ခပ်သုတ်သုတ် လျှောက်လာမိ၏.... ။
သုံးလတာ ခွဲခွာနေရသော အမိကျောင်းတော်ကြီးကို
လွမ်းလှပြီ ။
ကျောင်းနောက်က မင်းကျန်စစ်တို့ သူငယ်ချင်းတွေ စုဖွဲ့ကစားရာ တမာတန်းကြီးကိုလဲ သတိရသည်..။
ကျောင်းဖွင့်ချိန်မှာသာရောင်းသော ကျောင်းမုန့်စျေးတန်းမှ ဖွားညို၏ မုန့်ပြားသလက်သုပ်ကိုလဲ
သွားရည်ကျစွာ တမ်းတ၏ ။
မိုးရွာထဲ အတွေးများစွာဖြင့် လျှောက်လာရင်း
ကျောင်းသို့ပင်ရောက်လုပြီ ။
ဟိုရှေ့က တမာပင်ကြီး ရှိရာ လမ်းအကျော် အကွေ့ဆိုလျင် ရောက်ပြီ
ငယ်ငယ်လေးကတည်းက သွားလာနေကျ လမ်းတွေဆိုတော့ ဘယ်နေရာမှာ ဘာအပင်ရှိတယ် ဆိုတာကအစ
စိတ်ထဲ မှတ်ဉာဏ်ထဲ စွဲလို့ နေချေပြီ ။
မင်းကျန်စစ် တမာပင်ကြီးနားရောက်တော့
ထိုအပင်အောက်တွင် ကြုံ့ကြုံ့လေး ထိုင်ကာ
ဒူးနှစ်လုံးကြားထဲ ခေါင်းဖွက်ထားသော ကောင်လေးတစ်ယောက် ...
မိုးရွာကြီး ထဲမှာ သူ့ တစ်ကိုယ်လုံးက စိုရွှဲလို့...
သူ့ ကိုယ်လုံးသေးသေးလေးကလဲ
အေးလို့ ထင်သည် ခပ်ဆတ်ဆတ်လေး တုန်ရီလျက်ရှိသည်။
ဘယ်ကကောင်လေးပါလိမ့်....
အဖြူအစိမ်းနှင့် ဆိုတော့ ကျောင်းကပဲဖြစ်မည်။
ဘယ်သူပဲ ဖြစ်ဖြစ် ငါနဲ့ မှမဆိုင်တာ ... ထားလိုက်ပါတော့
မင်းကျန်စစ် ထိုကောင်လေးကို လျစ်လျူရှုကာ
ဖြတ်ကျော်လာခဲ့လိုက်သည် ။
မဖြစ်သေးပါဘူးလေ။ ဒီမိုးက တော်တော်နဲ့ တိတ်မည် မထင်
ဒီကောင်လေး ဒီလို မိုးရွာထဲဆက်ထိုင်နေလျင်တော့
တစ်ခုခု ဖြစ်လိမ့်မည် ။
စာနာ စိတ်ဖြင့် မင်းကျန်စစ် ခြေလှမ်းများက
နောက်သို့ ပြန်လှည့်လာမိလိုက်သည်
ထိုကောင်လေးရှေ့ ရောက်သည့်တိုင်
ထိုကောင်လေးက မျက်နှာ အောက်စိုက်ကာ
တရှုံ့ရှုံ့ ငိုနေတုန်း...
မင်းကျန်စစ် ထိုကောင်လေးနားကပ်ပြီး
သူ့ကိုပါ မိုးလုံစေရန် ထီးကိုသူ့ဘက်တိုးဆောင်းပေးလိုက်သည် ။
သူ့ကို ဘယ်လို ဘယ်ကစတင်၍ စကားအစပျိုးရမယ်
နှစ်သိမ့်ရမယ် ဆိုတာကို မင်းကျန်စစ် မသိပါ
သို့သော် ဒီတိုင်း ဆက်၍ ထီးမိုးထားပေးလျင်လဲ
ကျောင်းနောက်ကျဖို့သာ ရှိတော့သည် ။
" ညီလေး "
ရုတ်တရက်ခေါ်လိုက်တော့ သူကိုယ်လေးက သိမ့်ကနဲ့
လှုပ်ခါလို့ သွားသည်။ သူတစ်ယောက်တည်း အေးအေးဆေးဆေး ရှိနေသည်ဟု ထင်မှတ်ထားပုံပင် ...
ထို့နောက်တွင်တော့ သူက နီရဲဖောင်းအစ်နေသော
မျက်ဝန်းစိုစိုများ နှင့် မော့ကြည့်သည် ။ ကြေးကွဲရိပ်များကိုလဲ တစ်ပါတည်း မြင်ရ၏ ။
သူ့ နှုတ်ခမ်းပါးများကတော့ အေးလို့လား ငိုရလို့လားတော့ မသိ
အနည်းငယ် ပြာနှမ်းကာ တုန်ရီလို့နေသည် ။
သူ့ ဆံပင်ရှည်များဆီမှ ရေစက်များ က တတောက်တောက်
ကျလျက်ရှိနေ၏။
" ဒီမှာ တစ်ယောက်တည်း ဘာလို့ ထိုင်ငိုနေတာလဲ
မိုးတွေ ဒီလောက်ရွာနေတာကို.."
" အင့်... "
ပိုဆိုးသွားသည် ။ မင်းကျန်စစ် မေးလိုက်မှ သူက အင့်ကနဲ ရှိုက်ကာ ပိုသာ၍ ငိုလေ၏။ မျက်လုံးတွေတောင်ဖောင်းအစ်လို့နေပြီ ။ မျက်နှာဖူးဖူးလေးလဲ နီရဲလို့ နေပြီ။
" ဟာ..... မငို တော့နဲ့လေကွာ....
ဘာလို့ ဒီလောက်တောင်ငိုနေရတာလဲ..."
" အ...ဒေါ်...ရိုက်...လို့..."
ထိုကောင်လေး၏ အဖြေစကားကြောင့် မင်းကျန်စစ်ပြုံးမိသွားသည် ။ ဒီကောင်လေးကြည့်ရတာ မင်းကျန်စစ် နဲ့ ရွယ်တူလောက်ပါပဲ ... အရပ်လေးပုပြီး လူကောင်က ဖြူဖြူသေးသေး ဖြစ်နေလို့သာ ငယ်သယောင်ထင်ရတာပင်
" မင်းကလဲကွာ.... အဒေါ်ရိုက်တာ..ဒီလောက်ထိငိုရလား... မငိုနဲ့ တော့ကွာ... လာ ကျောင်းသွားမှာ မလား...
တူတူသွားမယ်.."
မင်းကျန်စစ် ထိုကောင်လေး၏ ပါးပြင်မှ မျက်ရည်များကို
လက်ဖမိုးနှင့် အသာအယာ သုတ်ပေးလိုက်ကာ
နှစ်သိမ့်ပေးမိသည်။
မင်းကျန်စစ်၏ ဘယ်အပြုအမူ ဘယ်အရာက သူ့ရဲ့
ဝမ်းနည်းစိတ်ကို ပြယ်ပျောက်စေလဲ မသိပါ...
ချက်ချင်းဆိုသလို ထိုကောင်လေး အငိုရပ်သွားသည်
" ဘယ်နှစ်တန်း တက်မှာလဲ.."
" ရှစ်တန်းပါ.. အကို..."
ထိုကောင်လေးက အေးလွန်း၍ထင်....
လက်များကို ပိုက်ပြီး ကုပ်ကုပ်လေး လိုက်လာလေ၏
" ဟာ... ငါနဲ့တူတူပဲ အကိုလို့ ခေါ်စရာ မလိုဘူး...
ငါ့ နာမည်က မင်းကျန်စစ် .. အဲ့လိုပဲခေါ် .."
" ဟုတ်.."
" မင်းကို အရင်က မမြင်ဖူးပါဘူး... ပြောင်းလာတာ သိပ်မကြာသေးဘူးထင်တယ် .."
" ဟုတ်ကဲ့ .."
ဒီကောင်လေးတော်တော်စကားနည်းတာပဲ။ ဘာကို ကြောက်ရွံ့နေလဲတော့မသိ မင်းကျန်စစ် ပြောသမျှကို
တဟုတ်ဟုတ်နဲ့ သာ ........
" ဒါနဲ့ အဒေါ်က ဘာလို့ ရိုက်တာလဲ..."
" မုန့်ဖိုးတောင်းလို့.."
" အွန်... ဘယ်လို အဒေါ်လဲဟ..
မင်းကလဲ အဖေနဲ့ အမေနား တောင်းတာမဟုတ်ဘူး.."
" အဖေနဲ့အမေက ဆုံးတာ ကြာပြီ.."
" ..... "
မင်းကျန်စစ် ရုတ်တရက် စိတ်မကောင်းဖြစ်သွားသည်
တစ်ပြိုင်နက်တည်း စပ်စုမိသော
ကိုယ့်ကိုကိုယ်လဲ စိတ်တိုသွားမိသည် ။
ထို့နောက်တွင်တော့ ဘာမှမေးမြန်းခြင်း မပြုတော့ပဲ
တိတ်တဆိတ်သာ လျှောက်လာခဲ့လိုက်သည် ။
" အခြေခံပညာ အထက်တန်းကျောင်း ညောင်ဦးမြို့ "
အစိမ်းရောင်ပေါ်တွင် အဖြူရောင်စာလုံးများဖြင့် ထွင်းထားသော
ဆိုင်းဘုတ်လေးက ကျောင်းအဝင်ဝမှာ
မခမ်းနားသော်လဲ သပ်ရပ်မြဲမြံစွာတည်ရှိလို့နေသည် ။
ထိုဆိုင်းဘုတ်ကို ကျော်ဖြတ်ပြီးချိန်မှာတော့
သစ်သားများဖြင့်သာ ဆောက်လုပ်ထားသော
နှစ်ထပ်ကျောင်းဆောင်ကြီးက ကြိုဆိုလို့နေသည် ။
ထိုကျောင်းဆောင်ကြီး၏ အရှေ့တွင်လဲ
သစ်ပင်များက စိမ်းစိုစွာ ပန်းပင်များက အရောင်စုံစွာ
ပေါက်ရောက်ရှင်သန်လျက်ရှိကြသည်
သုံးလတာဝေးကွာနေခဲ့ပေမယ့် ကျောင်းကြီးက
အရင်လို နွေးထွေးဆဲ ...
ကျောင်းကိုရောက်တော့ ကျောင်းပင် တက်နေချေပြီ ။
သို့သော် စာသင်ဦးမည် မထင် .... ဒီအချိန်ဆို
ခုံတင် ခုံချ တွေ သန့်ရှင်းရေးတွေ လုပ်နေကြရောပေါ့ ...
ထို့ကြောင့် မင်းကျန်စစ် ကျောင်းမုန့်စျေးတန်းဆီ
သွားဖို့ ဆုံးဖြတ်လိုက်သည်။ ကျောင်းက ရောင်းသော
အစားအစာတွေ အပြင်မှ အလွယ်တကူ ဝယ်စားနိုင်သော်လဲ
ကျောင်းမုန့်စျေးတန်းက အရသာကို ဘယ်အရာနှင့်မျှ မလဲနိုင်
" မင်း မနက်က ဘာစားပြီးပြီလဲ .."
" ဘာမှစားရသေးဘူး.."
မင်းကျန်စစ် ထိုကောင်လေးကို ဂရုဏာသက်မိသွားသည် ။
မုန့်ဖိုးတောင်းလို့ ရိုက်ခံလာရတယ် ဆိုကတည်းက
မုန့်ဖိုးလဲ ပါမယ့်ပုံ မပေါ်
" အဲ့တာဆို မုန့်သွားစားရအောင်..... ငါဝယ်ကျွေးမယ်လာ..."
" တော်ပါပြီ.... "
ထိုကောင်လေးက လက်ကို ကမန်းကရန်း ကာပြကာ ငြင်းဆိုသည် ။
" လာပါ ငါတစ်ယောက်တည်း သွားရမှာပျင်းလို့..."
မင်းကျန်စစ် ထိုကောင်လေး၏ ဆံပင် စိုစိစိများကို လက်ဖြင့်
ထိုးဖွပြီး ပြောလိုက်သည် ။
" ဟတ်ချိုး...."
" မင်းအအေးပတ်ပြီထင်တယ်...
ခေါင်းတွေလဲ ခုထိမခြောက်သေးဘူး.... "
" ရတယ် ဘာမှဖြစ်ဘူး..."
" ရော့ ဒီလက်ကိုင်ပုဝါနဲ့ သုတ်လိုက်.... "
မင်းကျန်စစ် ခုမှ တွေ့၍ခင်သော ကောင်လေးကို စိုးရိမ်စိတ်လွန်ကဲစွာ
လွယ်အိတ်ထဲမှ မွှေးပွ လက်ကိုင်ပုဝါလေးကို
ထုတ်ပေးတော့
သူက မဝံ့မရဲဖြင့် ဆွဲယူကာ သူ့ခေါင်းကို စိတ်မပါလက်မပါ
ပျင်းတွဲတွဲ သုတ်လို့နေသည် ။
မင်းကျန်စစ် သူ့ကို ကြည့်ကာ စိတ်ကမရှည်ချင်တော့
" ပေး ငါသုတ်ပေးမယ်..."
မင်းကျန်စစ် သူ့လက်ထဲက လက်ကိုင်ပုဝါကိုလုကာ
သူ့ပုခုံးကို လူချင်းနီးကပ်စေရန် ဆွဲလိုက်သည်
ထို့နောက် သူ့ခေါင်းမှ ဆံပင်များကို လ
ခပ်မြန်မြန် သုတ်ပေးလိုက်သည်
သူကတော့ ငြင်းဆန်ခြင်းလဲ မရှိသလို နှစ်သက်ခြင်းလဲ မရှိပဲ
မျက်နှာတည်တည်ဖြင့်သာ ငြိမ်ခံလို့နေသည် ။
အနီးကပ်ကြည့်မှ ထိုကောင်လေး တော်တော်ချောမှန်း
သတိထားမိသည် .... မျက်တောင်ကော့ကော့နက်နက်
များနှင့် မျက်လုံးဝိုင်းများကဝမ်းနည်းရိပ်တို့ဖြင့် ပြည့်နှက်လို့နေသည် .... သို့သော် ထို ဝမ်းနည်းရိပ်များက
မျက်ဝန်းတို့၏ တောက်ပမှုများကို ဖုံးကွယ်နိုင်ချင်းငှာ
မစွမ်းနိုင်ပါ
ထိုခဏတော့ နှစ်ယောက်စလုံး တိတ်ဆိတ်လို့နေသည်
ခေါင်းတစ်လုံးနိမ့်သော ထိုကောင်လေး၏
ဝင်သက်ထွက်သက် နွေးနွေးတို့က
မင်းကျန်စစ် လည်ပင်းသို့ တစ်ချက်ချင်း လာရောက်
ထိခတ်သည် ။
" ဒါနဲ့ မင်းနာမည်ကဘာလဲ.... ဘယ်လိုခေါ်ရမလဲ.."
" .....လ .... ရောင် ...."
-----------------------------------------------
" ဖွားညို... သားတို့ကို မုန့်ပြားသလက်သုပ် နှစ်ပွဲပေးပါ"
" ဪ ... အေးအေး ရမယ်.."
" မုန့်ပြားသလက်သုပ်.... ဟုတ်လား..."
တစ်ချိန်လုံး တိတ်ဆိတ်နေလာခဲ့သော လရောင် က
မုန့်ပြားသလက်သုပ်ကို ထူးဆန်းဟန်ဖြင့်
စပ်စု၏ ။
" ဟုတ်တယ်....မုန့်ပြားသလက်သုပ်ဆိုတာ ငါတို့အညာမှာ အဆာပြေမုန့်တစ်မျိုးပဲ .. မင်းက ခုမှပြောင်းလာတော့ မသိလောက်သေးဘူး
တခြားဒေသတွေမှာ မုန့်ပြားသလက်ကို ဒီတိုင်းစားလေ့ရှိပေမယ့်... ဒီမှာတော့ ကြက်သွန်နီ ၊ ပဲနို့ရည်ကြည် ၊ ခရမ်းချဉ်သီးထောင်း တွေနဲ့ သုပ်စားကြတာ
ဒီကျောင်းမှာတော့ ဖွားညို မုန့်ပြားသလက်က နာမည်ကြီးပဲ
စားကြည့် လျှာလည်သွားစေရမယ်.."
မင်းကျန်စစ် ရှင်းပြသမျှကို ဖွားညိုက ပြုံးပြုံးလေးနှင့် နားထောင်ပြီး လုပ်စရာရှိတာလုပ်နေလေသည်
လရောင်ကလဲ ဖွားညို၏ အပြုအမူများကိုသာ စိတ်ဝင်တစား လိုက်ကြည့်လို့နေသည်
အညာ မုန့်ပြားသလက်သုပ်ကို သူ အခုမှကြားဖူးမြင်ဖူးတယ် ထင်ပါသည် ။
ခဏနေတော့ လရောင်ရှေ့ကို အသုပ်ပန်းကန်လေးက သန့်ရှင်းသပ်ရပ်စွာ ရောက်ရှိလာသည် ။
ပန်းကန်ထဲတွင်တော့ မုန့်ပြားသလက် ဖတ်လေးများက
စားချင်စဖွယ်။
လရောင် မနေ့ညကတည်းက ဘာမှ မစားရသေးသဖြင့်
ဟန်မဆောင်နိုင်တော့ပဲ အသုပ်ကို ဇွန်းဖြင့် ခပ်စားလိုက်သည်
ကောင်းလိုက်တာ..... အရသာ ရှိလိုက်တာ ...
ပဲဆီနံ့လေးကမွှေးပြီး ခရမ်းချဉ်သီးထောင်းအရသာလေးပါ
ပါလေတော့ ပို၍ စားကောင်းနေတာပင်...
မင်းကျန်စစ် သူ့ဘေးတွင် အသုပ်ကို အားရပါးရစားနေသော
လရောင်ကိုကြည့်၍ ဂရုဏာသက်မိသည် ။
သူ တော်တော်ဗိုက်ဆာနေခဲ့တာပဲ ...
" လရောင် ငါ ဗိုက်ပြည့်နေလို့ ဒါပါစားလိုက်ပါ..."
" တော်ပြီ.... အကိုမင်းကျန်စစ် စားပါ.. ကျွန်တော်ဝပြီ.."
လရောင်က ပလုတ်ပလောင်းဖြင့် ငြင်းဆန်သည်
" ရော့ပါ .... စားပါ တစ်ပွဲမှ နည်းနည်းလေးပါတာကို .."
မင်းကျန်စစ် အသုပ်ပန်းကန်ကို သူ့ရှေ့အတင်းချပေးလိုက်တော့ သူလဲ ထပ်ပြီး ငြင်းဆန်ခြင်းမပြုတော့ပဲ
ငြိမ်သက်စွာ စားသောက်လို့နေသည်
လရောင် တကယ်တော့ ဗိုက်မဝသေးပါ.... ညကတည်းက
ဘာမှမစားရသေးသော လူတစ်ယောက်အတွက်
အသုပ်တစ်ပွဲက နံကြားပင်မညှပ်ရှာ...
သို့သော် အကိုမင်းကျန်စစ်ကို လရောင်အားနာသည် ။ ကျေးဇူးလဲ တင်မိကာ သဘောငျမိသည် ။ ညောင်ဦးမြို့ကိုရောက်ကာစ
မျက်စိသူငယ်နားသူငယ် ဖြစ်နေသော လရောင်အတွက်
အခုချိန်မှာတော့ အကိုမင်းကျန်စစ်က အရာရာပင် ။
လရောင် မျက်စိသူငယ် နားသူငယ် ဖြစ်ရသည်မှာ
ညောင်ဦးရောက်မှလား ဆိုတော့ မဟုတ်ပေ
အရင်မြို့များမှကတည်းက လရောင်ကိုဆို
ဘယ်သူမှ အဖတ်လုပ်ပေါင်းသင်းခဲ့ခြင်း မရှိချေ ။
အမြဲ ညစ်မှိုင်း၍ တောက်ပြောင်မှုမရှိသော
အမြဲငိုယိုနေသော လရောင်ကို အားလုံးက ရှောင်ကြသည် ။
ထိုသို့ ရှောင်ကျဉ်ကြရသည့် အကြောင်းပြချက်များ
အထဲ လရောင် အဒေါ်က ထိပ်ဆုံးကပါသည် ။
အမြဲ လောင်းကစားလုပ်ကာ ယောကျ်ားတကာနှင့်
ပေါင်ထပ်ကာ ဖဲထိုက်ရိုက်နေ တတ်သော
ရပ်ထဲ ရွာထဲ အော်ဟစ် ဆဲဆိုနေတတ်သော
အဒေါ်ကို လူတွေက အဆင့်မရှိ ဟုဆိုကာ
လရောင်ကို အပေါင်းအသင်းမလုပ်ရန် သူတို့၏ သားသမီးများကို
မှာကြားထားတတ်၏ ။
သို့သော် အကိုမင်းကျန်စစ်က ထိုသို့မဟုတ်
လရောင်ကို ဖေးမ ကူညီခဲ့သည် ။
ဂရုစိုက်ပေးခဲ့သည် ။
ဒါတွေကလဲ လရောင်မှာ တော်တော်ဆိုးဝါးတဲ့
အဒေါ် တစ်ယောက် ရှိတာ မသိသေးလို့နေမှာပါလေ ။
စားစရာရှိတာ စားပြီးတော့ မင်းကျန်စစ်တို့ ရှစ်တန်းအခန်းရှိရာ
အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည် ထ။
" ကျေးဇူးနော် ကိုမင်းကျန်စစ် "
လမ်းလျှောက်လာရင်း လရောင်ဆီမှ ထွက်ပေါ်လာသော
တိုးညှင်းသည့် ကျေးဇူးတင်စကား....
" ရပါတယ်ကွာ... ကျေးဇူးတင်စရာ မလိုဘူး...
ဘော်ဒါတွေ ဖြစ်သွားပြီပဲဟာ..."
မင်းကျန်စစ်က လမ်းလျှောက်ရင်း ဘေးကလျှောက်နေသော
လရောင်ပုခုံးကို ဖက်ကာ ပြောလိုက်သည်
လရောင် လှိုက်ကနဲ့ နွေးထွေးမှု ကို ခံစားရ၏ ။ လရောင်ရဲ့ဘဝမှာ ဤကဲ့သို့သော နွေးထွေးလုံခြုံ သည့်ခံစားချက်မျိုး ဘယ်သူ့ဆီကမှ မရခဲ့ဖူးသလို
ဘယ်သူကမှလဲ မပေးနိုင်ခဲ့ပါ ။
ဒီအချိန်ခဏလေး ......
မင်းကျန်စစ်၏ ရင်ခွင်ထဲ ခေတ္တရောက်သွားသည့်
အချိန်ခဏ လေးတွင် ထွက်ပေါ်လာသော
လရောင်၏ ရင်ခုန်သံများကို
ဝုန်းဒိုင်းကြဲ လျက်ရှိသော အညာမိုး သည်းသည်းကတောင်
ဖုံးလွှမ်းနိုင်စွမ်း မရှိခဲ့ပါ ။
ငယ်ငယ်လေးကတည်းက အမြဲ လျစ်လျူရှု ခံနေရတဲ့
သူတစ်ယောက် ...... တခြားတစ်ယောက်၏
သာမာန်ဂရုစိုက်မှုများအောက်...... ကျရှုံးခဲ့သည်မှာ
ထူးဆန်းလွန်းလှသော ကိစ္စတော့ မဟုတ်ခဲ့ချေ
အပိုင်း ( ၂ ) မျှော်