ဘုန်းဘယသော်သည် ဆယ်တန်းကို ကံကောင်းထောက်မစွာဖြင့် အောင်မြင်လာခဲ့သူ ဖြစ်လေသည်။
သူသည် အချိန်ကို အကျိုးရှိရှိ အသုံးချတတ်သူ ဖြစ်သည်နှင့် အညီ အတန်းချိန်ရော၊ညဘက် guide ချိန်တွေပါ မကျန် အိပ်ငိုက်တတ်သူ ဖြစ်လေ၏။
ကျောင်းပိတ်ရက်တွေမှာလည်း ဆိုင်ကယ် တစ်စီးနှင့် မြို့ တစ်မြို့လုံးကို ပတ်ကာ ရောက်တတ်ရာရာကိုသာ လျှောက်သွားနေတတ်လေသည်။
သို့ပေမဲ့ မည်သူနှင့်မျှ စကားမပြောဘဲ သီးသန့်နေထိုင်တတ်သူသာ ဖြစ်လေ၏။
သူ၏ ဆောင်ပုဒ်သည် "စကားများများ ပြောလျှင် ပါးစပ် ညောင်းသည်" ဟူ၍ ဖြစ်လေသည်။
အမျိုးသမီးငယ်လေးများသည် သူ့အား "ရေခဲတုံးလေး" ဟု တင်စား၍ ခေါ်ဝေါ်တတ်ကြသော်လည်း လက်တွေ့တွင် သူသည် စကား ပြောရမှာ ပျင်းသော ငပျင်းကလေးမျှသာ ဖြစ်လေ၏။
သူသည် အသက် ၁၇ သာ ရှိသေးသော်လည်း အရပ် ၆ ပေကို ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။ထို့အပြင် သူ့တွင် ဘယ်ဘက်ပါးပြင်ရှိ တစ်ခုတည်းသော ပါးချိုင့်ခွက်ခွက်လေးနှင့် အတူ ခပ်ချောချော မျက်နှာလေး ရှိနေသေး၏။
__________
ဘုန်းဘယသော်သည် A မြို့တော်ရှိ တက္ကသိုလ်တွင် လာရောက်၍ ကျောင်းအပ်နှံရခြင်း ဖြစ်လေသည်။
စိတ်မပါ၊လက်မပါ ဖြစ်နေသည့် သူ့ ပုံစံကို မည်သည့် ရှုထောင့်က ကြည့်ကြည့် ကွက်ကွက်ကွင်းကွင်း မြင်နိုင်လေ၏။
အကြောင်းမှာ ပါးစပ် ဟရမှာ ပျင်းသည့် သူ့အတွက် ရခဲ့သည် major သည် မြန်မာစာပင် ဖြစ်နေသောကြောင့် ဖြစ်သည်။
ကံကောင်းသည်က Day အစား Distance တတ်မည် ဖြစ်သောကြောင့်ပင် ဖြစ်လေ၏။
အကြာကြီး တတ်စရာ မလိုသဖြင့် အများကြီး ကျက်စရာမလိုဟု တွေးထားသောကြောင့် ဖြစ်လေသည်။
"ကျောင်းက ကြီးလိုက်တာ!!!"
သူသည် ထိုစကားကို အံ့ဩနဘမ်းနှင့် ပြောခြင်း မဟုတ်ဘဲ ကျောင်းထဲတွင် လမ်းလျှောက်ရမည်မှာ ပျင်းသောကြောင့် ပြောခြင်း ဖြစ်လေသည်။
"ဟူး............................"
လေပူ တစ်ချို့ကို မှုတ်ထုတ်လိုက်ပြီးနောက် မြန်မာစာဌာနသို့ သွားရန် ခြေလှမ်း ပြင်လိုက်လေ၏။
"သက်ပြင်း ချတာကြီးကလည်း"
သူ့ ဘေးနားသို့ ကပ်၍ လျှောက်ကာ ဝေဖန်သလို ရှိလေသည့် စကားကြောင့် အနှီလူအား မျက်လုံးကို ထောင့်ကပ်၍ ကြည့်လိုက်လေသည်။
သူနှင့် အရပ် ညီသလောက် ရှိလေသည့် ရွယ်တူ ကောင်လေး တစ်ယောက် ဖြစ်လေ၏။
မချိုမချဉ် မျက်နှာပေးနှင့် ထိုကောင်လေးသည် သူ၏ သွားစွယ်လေး နှစ်ချောင်း ပေါ်သည် အထိ
သူ့အား ပြုံးပြနေလေ၏။
ဘုန်းဘယသော်သည်လည်း ခေသူ မဟုတ်ပေ။သူ၏ ဘယ်ဘက်ပါးတွင် ပါရှိသော ပါးချိုင့်ခွက်ခွက်လေး ပေါ်သည် အထိ မဲ့ပြုံး ပြုံးပြလိုက်လေသည်။
"ချစ်စရာလေး!!!"
ထိုကောင်လေးဆီမှ အာမေဋိတ်စကားပင် ဖြစ်လေသည်။
ဘုန်းဘယသော်တို့ သည်းမခံနိုင်တော့ပေ။
မဲ့ပြုံး ပြုံးသည်ကို ချစ်စရာလေးဟု မြင်ကတည်းက ထိုကောင်လေးသည် ရူးနေသည် ထင်၏။
"ညီကို ကျွန်တော့်ကို သိလို့လား"
ထိုကောင်လေးသည် ပြုံးစိစိ မျက်နှာပေးနှင့် ပခုံးတစ်ဖက် တွန့်ပြကာ
"မသိဘူးလေ"
ဘုန်းဘယသော်၏ မျက်ခုံးတို့ ကြုံ့သွားရလေသည်။ပြီးနောက် သူသည် မျက်လုံးတို့ကို မှေးစင်းလိုက်ကာ ဖျစ်ညှစ်၍ ခက်ခက်ခဲခဲဖြင့် အပြုံးတု တစ်ခုကို ဖန်တီးလိုက်လေသည်။
"မသိဘဲ ဘာလို့ လာရောနေတာလဲ"
ထိုကောင်လေးသည် သူ့ ပခုံးအား ဖက်လိုက်ရင်း
"အခု သိလိုက်ကြရအောင်လေ"
ဟမ်!!!
ဘုန်းဘယသော်တစ်ယောက် ကြောင်အ သွားရလေသည်။
"ပထမနှစ်လေး မဟုတ်လား၊နယ်ဘက်က ထင်တယ်၊ကျောင်းအပ်ဖို့ ကူညီပေးမယ်နော်"
ဆရာကြီး အထာနှင့် ထိုကောင်လေးအား
ဘုန်းဘယသော်တို့ ဖြတ်၍ ရိုက်ချင်မိသည်မှာ လက်ပင် ယားနေလေ၏။
သို့ပေမဲ့ ထိုကောင်လေး၏ မျက်နှာ ချောချောလေးကြောင့် ခွင့်လွှတ်ပေးလိုက်ရပေမည်။
သူများ သားသမီး၏ မျက်နှာချောချောလေး စုတ်ပျက်သပ်သွားလျှင်လည်း မကောင်းတတ်သောကြောင့်ပင်။
ထို့အပြင် ပခုံးပေါ်မှ လက်ဖဝါး နွေးနွေးကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်လေသည်။
"ပထနှစ်မှန်း ဘယ်လို သိတာလဲ"
ဘုန်းလက်ျာပိုင်သည် နှုတ်ခမ်းကို လျှာတစ်ချက် သပ်လိုက်ရင်း သူ့ မေးခွန်းကို ဖြေလေသည်။
"ကျောင်းရှေ့မှာ ဆိုင်ကယ် ဘယ်နား ထားရမှန်း မသိဖြစ်နေတာကို မြင်လို့လေ"
ဘုန်းဘယသော်သည် သူ့အား မျက်စောင်းနှင့် ရွယ်လိုက်လေ၏။
လက်ျာတစ်ယောက် ခေါင်းကို အောက်စိုက်၍ ခိုးပြီး ပြုံးလိုက်လေ၏။
"အစ်ကို့ နာမည်က ဘုန်းလက်ျာပိုင်၊ဒုတိယနှစ် မြန်မာစာက၊ဒီက ဂျူနီယာလေး နာမည်ကရော"
"ဘုန်းဘယသော်"
ဘောက်ဆတ်ဆတ်နှင့် ခပ်ပြတ်ပြတ်သာ ပြန်ဖြေသော ထိုကောင်လေးကို ဘုန်းလက်ျာပိုင် အသည်းယားမိလေ၏။
"အစ်ကိုနဲ့ နာမည် အရှေ့ တစ်လုံး တူတာပေါ့...
ဂျူနီယာလေးက"
ကျောင်းရှေ့ရှိ ဆိုင်ကယ်ထားရသည့် နေရာတွင် တွေ့လိုက်တည်းက သူ ထိုကောင်လေးကို သတိထားခဲ့မိတာ ဖြစ်သည်။
ထို့နောက် ယခုကဲ့သို့ လာရောက်၍ ရောနေခြင်း ဖြစ်လေ၏။
စကား နည်းသည့်ပုံ ပေါ်နေသည့် ထိုကောင်လေးအား သူ ထပ်၍ စချင်မိလေသည်။
သို့ပေမဲ့ မစရဲတော့ပေ။
ဤကလေးသည် ရေခဲတုံးလေး ဖြစ်ဟန်တူလေသည်။မတော်လို့ ဒေါသထွက်ပြီး သူ့ကို ပြန်ရိုက်နေမှဖြင့်။
"ကျွန်တော့်ထက် အသက်ကြီးမှာပေါ့၊အစ်ကိုလို့ ခေါ်လို့ ရမလား"
ဘုရားရေ!!!
ဒါ သူ့ဘက်ကနေ တစ်ယောက်ယောက်ကို ပထမဆုံး လိုလိုလားလားနှင့် ခွင့်တောင်းသော စကား ဖြစ်လေသည်။
ဘုန်းလက်ျာပိုင်သည် သွားပေါ်သည် အထိ ပြုံးရယ်လိုက်ရင်း
"ကိုကိုလို့ ခေါ်လည်း ရပါတယ်"
ထိုစကားကို ကြားသောအခါ ဘုန်းဘယသော်၏ ကြည်လင်နေသော စိတ်ကလေးသည် ကြက်ပျောက်၊ငှက်ပျောက်ပင် ပျောက်သွားရလေတော့သည်။
ထို့နောက် သူသည် မျက်ခုံးကို အပေါ်သို့ ပင့်လိုက်ရင်း
"ဟုတ်ပြီလေ ၊ကိုကိုဆိုတော့လည်း ကိုကိုပေါ့"
ဘုန်းလက်ျာပိုင်သည် သဘောကျစွာဖြင့် မိန့်မိန့်ကြီး ပြုံးကာ ခေါင်းညိတ်ပြလေသည်။
"သွားပြီနော် ကိုကို၊နားတွေ ပူလာလို့"
ထို့နောက် သူသည် ပခုံးပေါ်ရှိ ဘုန်းလက်ျာပိုင်၏ လက်ကို ဖယ်ကာ ရှေ့ကနေ သုတ်ခြေတင်၍ လျှောက်လာခဲ့လေတော့သည်။
ကျစ်! ယောက်ျားချင်းပဲကို ဘာလို့ ထူးထူးဆန်းဆန်း ရင်တွေ ခုန်နေရတာလဲ။
အလကား၊ဝန်ထုပ်ဝန်ပိုးလေး။
သို့နှင့် ဘုန်းဘယသော်သည် ပွစိပွစိဖြင့် ရေရွတ်ရင်း မြန်မာစာဌာနသို့ ရောက်ရှိလာခဲ့လေသည်။
"ဂျူနီယာလေး!!!"
ကျောနောက်မှ အသံကြောင့် ဘုန်းဘယသော် လှည့်ကြည့်လိုက်လေသည်။
သူ့အား လက်ပြကာ နှုတ်ဆက်နေသည့်
ဘုန်းလက်ျာပိုင်သည် နဖူးလေးပင် ချွေးစို့လို့ နေလေ၏။
ဘာလဲ!!! ဒီလူ ပြေးလိုက်လာတာလား!!!!!
"ဘာလဲ ဗျာ"
သူသည် သဘောမကျဟန်ဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။
ဘုန်းလက်ျာပိုင်သည် မျက်နှာပိုး မသေစွာဖြင့် သူ့အား ရယ်ပြလေ၏။
"ဒီမှာ အပ်ရမှာ မဟုတ်ဘူး...ကောင်လေးရ၊
ဘွဲ့နှင်း သဘင်မှာ အပ်ရမှာ"
ဘုန်းလက်ျာပိုင်သည် ပြောစရာရှိသည်ကို ပြောပြီးသည့်နောက် ဘွဲ့နှင်းသဘင်ဘက်သို့ ရှေ့ကနေ ဦးဆောင်၍ လျှောက်လာခဲ့လေသည်။
သူ့ နောက်တွင် ဘုန်းဘယသော် ပါလာသည်ကို သိသောကြောင့် ခြေလှမ်းကို တမင် နှေး၍ လျှောက်လိုက်လေ၏။သို့ပေမဲ့ အနှီကောင်လေးသည် သူ့အား ကျော်တတ်ရန် စိတ်ကူး ရှိဟန်မပေါ်ပေ။ဖြေးဖြေးလေးသာ လျှောက်၍ လိုက်ပါလာလေသည်။
ခုနကတော့ လေလို ဝှစ်ခနဲ နေအောင် လျှောက်နေခဲ့တာ မဟုတ်လား။
ဘုန်းလက်ျာပိုင်သည် ပျော်ပျော်နေတတ်ပြီး ရည်းစားလည်း အလွန် များလေသည်။သို့ပေမဲ့ အခုလိုမျိုး သူစိမ်းတစ်ယောက် အပေါ် အရင်
မကပ်တွယ်တတ်ပေ။
မဟုတ်မှ ငါ ချစ်မိသွားတာများလား!!!။
စိတ်ဝင်စားတဲ့ အဆင့်ကိုတောင် ကျော်ပြီးတော့လေ။
သူသည် မယောင်မလည်နှင့် နောက်က ကောင်လေးကို လှည့်ကြည့်လိုက်လေသည်။
ထိုကောင်လေးသည် မျက်မှောင်ကြုတ်ကာ "ဘာလဲ" ဟူသည့် သဘောဖြင့် မေးဆတ်လာလေ၏။
ဘုန်းလက်ျာပိုင်သည် သွားများပေါ်သည် အထိ ပြုံးပြလိုက်ပြီး အရှေ့သို့ ပြန်လှည့်လိုက်လေသည်။
ထို့နောက် သူသည် တိုးတိုးလေး ရေရွတ်လိုက်လေ၏။
"ဒီရေခဲတုံးလေးက သေလောက်အောင် ချစ်ဖို့ကောင်းနေတော့တာပဲ"
____________
#Lary
______________________________________________
update မှန်မှာ မဟုတ်ပါဘူး😁။
အတတ်နိုင်ဆုံးတော့ အချိန်ရတာနဲ့ ရေးပါ့မယ်😘။
ကိုယ့်ရဲ့ ကလေးတွေကို ချစ်ပေးကြပါဦး😘။