---***---

ကျွန်တော်လေ အရမ်းလွမ်းတာပဲ။ သတိရတိုင်း သူရေးထားတဲ့ ဗရုတ်သုတ်ခစာတွေ ထုတ်ဖတ်တာက အလွမ်းမပြေဘူး။ သူ့ဓာတ်ပုံတွေကြည့်တော့လည်း ပိုလွမ်းလာတယ်။ ကျွန်တော် သူ့ကို မြင်နေရရုံနဲ့ ကျေနပ်တယ်ဆိုတာက ဓာတ်ပုံကိုမှမဟုတ်ဘဲလေ။ သူနေလို့ကောင်းရဲ့လား။ ကျွန်တော်မရှိတော့ ပျော်များပျော်နေမလား။ ကျွန်တော့်ကို နည်းနည်းလေးတောင် သတိမရဘူးလား။ အဲ့စိတ်တွေနဲ့ ထမင်းတွေလည်း စားလို့မဝင်ခဲ့ဘူး။

ကိုဇော်ဇော်ကတော့ ပြောပါတယ်။ ထူးအောင်က အဲ့လောက်စိတ်ထားဆိုးတဲ့သူ မဟုတ်ပါဘူးတဲ့။ မင်းနဲ့နေလာတာ နှစ်နှစ်တောင်ရှိနေပြီမို့ သူမင်းကိုမချစ်ရင်တောင် သံယောစဉ်တော့ရှိပါတယ်။ အခုဟာကလည်း သူတကယ်မအားလို့နေမှာပါတဲ့။ အဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် ဒုက္ခမပေးပါနဲ့။ စားစရာရှိတာစားပြီး အိပ်ပျော်အောင်အိပ်ပါ။ အချိန်တန်တော့လည်း ထူးအောင်ကပြန်လာမှာပေါ့တဲ့။ ကျွန်တော်လည်း အဲ့လိုမျိုးတွေးပါတယ်။ ဒါပေမယ့် မရဘူး။ ကျွန်တော့်ကွယ်ရာမှာ ဘယ်လိုမှစိတ်မချနိုင်ဘူး။
ထူးအောင်က နကိုယ်ကတည်းကမှ ရူးကြောင်ကြောင်ရယ်။ ကျွန်တော့်လိုလူမျိုး နောက်တစ်ယောက်မရှိနိုင်ဘူးလို့ ဘယ်လိုလုပ်ပြောနိုင်မှာလဲ။ လှည့်ကွက်တွေသုံးပြီး သိမ်းပိုက်သွားရင် ဘယ်လိုလုပ်မလဲ။

ထူးအောင်ရွာပြန်သွားတဲ့နေ့ကစပြီး ကျွန်တော် ကားမမောင်းရတော့ဘူး။ စိတ်မချဘူးဆိုပြီး ကိုဇော်ဇော်ကပဲ နေ့တိုင်းအကြို၊ အပို့လုပ်ပေးခဲ့တယ်။ ထူးအောင်နဲ့အတူတူ အကြာကြီးနေချင်သေးတာမို့ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် ဘာမှမလုပ်ပါဘူး၊ စိတ်ချပါလို့ပြောလည်းမရဘူး။ မင်းကိုမယုံဘူးတဲ့။ တကယ်ပါပဲ။ ကိုဇော်ဇော်ရှိတော့လည်း တစ်မျိုးကောင်းပါတယ်။ ကျွန်တော်ရင်ဖွင့်လို့ ရတာပေါ့။ ထူးအောင်နဲ့ကျွန်တော့်အကြောင်းကို သိတဲ့သူစိမ်းဆိုလို့ ကိုဇော်ဇော်တစ်ယောက်ပဲရှိတယ်လေ။ ပြီးတော့ သူကကျွန်တော့်အကိုလိုပဲ။ ကျွန်တော့်အပေါ်ကို အရမ်းကောင်းပေးတယ်။ ကျွန်တော့်ကိုလည်း အရမ်းနားလည်တယ်။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now