ခါးကုန်းကုန်းနဲ့ဖွားဖွားကရှောင်းကျန့်လက်ကိုဆွဲရင်း မာမားတို့ပုံမှန်ပို့နေကျ ထောက်ပံ့စားရိတ်ကိုသွားထုတ်လာခဲ့သည် ။
ဒီနယ်တစ်ဝိုက်ရွာလေးတွေမှာရှိတဲ့
သက်လတ်ပိုင်းအရွယ် မိဘတွေကနီးစပ်ရာ မြို့တက်ပြီးအလုပ်လုပ်ကြရတယ် ။ လက်မှု့ပစ္စည်း ဒါမှမဟုတ် လယ်ယာစိုက်ပြီးပြန်လည်ရောင်းချတဲ့သမာရိုးကျအလုပ်ကိုမလုပ်လိုကြတဲ့သူတွေပေါ့ ။ သူတို့အတွက်လခစားအလုပ်က
ပိုရည်မှန်းချက်ရှိတယ်လေ ။ အဘိုးအဘွားတွေကမြေးထိန်းသူတွေဖြစ်လာကြတယ် ။ ကလေးတွေကမိဘနဲ့နေရတာရှားပါတယ် ။
ရှောင်းကျန့်ဖွားဖွားကသိပ်အိုနေပြီ ။ ဖွားဖွားအသက်လေးဆယ်ပြည့်မှ မာမားကိုမွေးခဲ့ပြီးမားမားကလည်း ထို့နည်းတူ အသက်လေးဆယ်ပြည့်မှရှောင်းကျန့်ကို မမျှော်
လင့်ဘဲရခဲ့တာတဲ့ ။ အဲ့ဒါမို့ရှောင်းကျန့်တို့ က အသက်အရမ်းကွာတဲ့မြေးအဖွားတွေဖြစ်လာကြတာပေါ့ ။ ဖွားဖွားကအသက်ကိုးဆယ်ရှိပြီ ။ အခုလိုအအေးပိုတဲ့ကာလမှာ သူထမင်းပုံမှန်မချက်နိုင်တော့ဘူး ။
ရှောင်းကျန့်ကတော့ဖွားဖွားချက်ရင် စားလိုက်တယ် ။ မချက်တဲ့နေ့လည်း ဝမ်းနည်းမနေပါဘူး။
ရှောင်းကျန့်က အပင်စိုက်ရတာဝါသနာပါတယ် ။ ဆွေမျိုးနီးစပ်ထဲ ရှောင်းကျန့်ကိုကူထိန်းပေးရတဲ့ ဦးဦးလူပျိုကြီး ဟိုက်ခွမ်းကလည်း သင်ပေးတယ် ။ မြေကိုနုအောင်ဖွပြီး အစေ့လေးတွေ ဒါမှမဟုတ်ဟင်းချက်လို့ကျန်တဲ့ အဖျားတွေကို ထိုးစိုက်မယ် ။လက်ကလေးနဲ့ တဘုတ်ဘုတ် ပုတ်ပေးပြီးရင်ရေလောင်းချ၊ သိပ်မကြာခင်ဘဲ နုပျိုလတ်တတ်တဲ့ အသီးအရွက်တွေ ရှောင်းကျန့်ရနိုင်ပြီ ။ ဖွားဖွား ထမင်းမချက်နိုင်ရင်အဲ့အရွက်တွေအစိမ်းလိုက် ခူးစားလိုက်တာပဲ ။ အဲ့ဒါကတကယ်ကိုချိုတယ် ။
ရှောင်းကျန့်တို့အပိုင် မြေလွတ်မှာ မုန်လာဥတွေစိုက်ခဲ့တယ် ။ ဒါရှောင်းကျန့်ပထမဆုံးပိုင်တဲ့အခင်းလေးပဲ ။ နေ့တိုင်းရေမှန်မှန်လောင်းပေးပြီးမြေသြဇာကျွေးတယ် ။ ရှောင်းကျန့်အသက်ဆယ်နှစ်ပဲရှိသေးမဲ့ မုန်လာဥကောင်းကောင်းစိုက်တတ်ပြီ ။ သူတို့ကချိုမြပြီးအရသာရှိတယ် ။
