ဋီကာ မေးလိုက်ပုံကြောင့် ဦးလေးဖြစ်သူရဲ့ အကြည့်က သူ့ထံရောက်လာသည်။

"ငယ်လေးက မန္တလေးကို မရောက်ဖူးလို့ ဘုရားဖူးအလည် ငါခေါ်သွားတာလေ ...ပြီးတော့ ငါတို့အတွက် ငယ်လေးက သူစိမ်းမှမဟုတ်တာ ..."

ထမင်းစားနေရင်းနဲ့ တူဝရီးနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိကြပြန်သည်။

သူစိမ်းမဟုတ်ဘူးဆိုတဲ့ စကားက ဘာလဲ။
အိမ်သားတစ်ယောက်အဖြစ် သတ်မှတ်ထားလို့လား။ ဋီကာ ပြန်မေးလိုက်ချင်ပေမဲ့ မမေးဖြစ်တော့ပေ။

"အဲဒီတုန်းက မန္တလေးမှာ နှစ်ရက်လောက်နေခဲ့တာ ...သင်းလဲ့အေးတို့ မောင်နှမသုံးယောက်ရော သားအဒေါ်တို့ လင်မယားကပါ ကိုဆေးကို တော်တော်ခင်ကြတယ် ...ကိုဆေးက လိမ္မာရေးခြားလည်း ရှိတယ် အေးလည်းအေးတယ်လေ ...အခု သင်းလဲ့အေး မင်္ဂလာဆောင်တော့ ကိုဆေးကိုပါ ဖိတ်ခိုင်းထားတာ ..."

သင်းလဲ့အေးတို့ မောင်နှမတွေ ဆိုတာက မန္တလေးမှာ နေကြသည့် မေမေတို့ အန်ကယ်လေးတို့ရဲ့ ဝမ်းကွဲအစ်မမှ မွေးသော သားသမီးတွေဖြစ်သည်။ ဋီကာနဲ့ဆိုရင်တော့ မောင်နှမဝမ်းကွဲတွေ တော်စပ်သည်ဟု ပြောရမည်။

"အင်းပေါ့ ကိုကိုက မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ဆုပြည့်နေတာကိုး ...ဘယ်သွားသွား သူ့ကို မချစ်တဲ့သူ မခင်တဲ့သူဆိုတာ မရှိဘူး ..."

ထမင်းတစ်လုတ်ကို ပါးစပ်ထဲ ထည့်လိုက်ရင်း ဋီကာက ပြောလိုက်သည်။ ဋီကာ့ကို အန်ကယ်လေးက လှမ်းကြည့်နေသည်။ ဋီကာသိပေမဲ့ မသိချင်ယောင်ဆောင်နေလိုက်၏။ ဒီစကားက လိမ်ညာခြင်း မရှိသော စကား။ ရွဲ့စောင်းပြောခြင်း မရှိသောစကား။

"ဟုတ်တယ် ဆေးလေးက တကယ်စိတ်ရင်းကောင်းတဲ့ ကောင်လေး ...အရမ်းလည်း အေးတယ် ...အလုံးလည်း သူ့ကို ချစ်တယ် ..."

လုံးလုံးကလည်း ဆေးနဲ့ ပတ်သက်ပြီး မှတ်ချက်ဝင်ပေးနေသည်။

"ဋီကာ ..."

"ဗျာ မေမေ ..."

"မင်းက ကိုဆေးကို ဒီလိုမျိုးမြင်နေပြီဆိုတော့ ကိုဆေးနဲ့ အခြေအနေက ဘယ်လိုလဲ ..."

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now