"မဝင်တော့ဘူး မိုးသောက် ။ ကျွန်တော် အလုပ်နည်းနည်း ရှိတာ ခုမှ သတိရလို့ ။ ရှိုင်း နဲ့အတူ ဂေဟာကို လာလည်ပါဦး "

"ဟုတ်ကဲ့ "

"ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ် "

ခန့်မင်းနောင် နှုတ်ဆက်၍ လမ်းလျှောက်လာချိန်  အပြင်ဘက်တွင် သူနှင့်အတူ ရှိနေခဲ့သော မိုးသောက်ယံက သူ့နောက်သို့  လိုက်လာခဲ့သည် ။ လူရှင်းသည့် နေရာတစ်ခုရောက်သော် ခြေလှမ်းတွေကို ရပ်ပြီး မိုးသောက်ယံနှင့် မျက်နှာချင်းဆိုင်လိုက်သည် ။

"ဘာတွေဖြစ်ကုန်တာလဲ မိုးသောက် ။ ကျွန်တော် နားလည်အောင် ရှင်းပြပါဦး "

ခန့်မင်းနောင်၏ စကားဆုံးသော် မိုးသောက်ယံ၏ ဝိုင်းစက်စက် မျက်ဝန်းအိမ်ထဲမှ မျက်ရည်တွေ ရစ်သိုင်းလာသည် ။ ထို့နောက် ရှိုက်ငို၍ သူ့ကို ဖက်တွယ်လာသည် ။ မှေးမှိန်ဖျော့တော့သော ပုံရိပ်လေးကို ခန့်မင်းနောင်  ပြန်၍ ဖက်ထားမိသည် ။

"ဘာလို့ငိုနေတာလဲ မိုးသောက်ရဲ့ "

မိုးသောက်ယံက ငိုနေရာမှ မော့ကြည့်လာသည် ။ ထို့နောက် ကိုယ်ချင်းခွာ၍ ဆိုသည် ။

"ကျွန်တော် အရမ်းဝမ်းသာလို့ပါ ကိုခန့် ။ ကျွန်တော့်ကို ဘယ်သူမှ မမြင်နိုင်ဘူး ထင်နေတာ ။ ကိုခန့်က ကျွန်တော့်ကို မြင်ရတယ်လေ  "

ခန့်မင်းနောင်က သက်ပြင်းသဲ့သဲ့ချ၍ ခေါင်းညိတ်သည် ။

"ဟုတ်တယ် ကျွန်တော်က  ဝိညာဉ် တွေ ၊ တစ္ဆေ ၊ သရဲ တွေကို မြင်နိုင်တယ် ။ အဲ့ဒါကြောင့်ပဲ မိဘတွေက စွန့်ပစ်ခဲ့တာလေ "

"ကြားရတာ စိတ်မကောင်းပါဘူး ကိုခန့် "

"ရပါတယ် ၊ ကိစ္စမရှိပါဘူး မိုးသောက်ရဲ့  ။ ဒါနဲ့ ဘယ်လိုဖြစ်ရတာလဲ ။ နောက်ပြီး မိုးသောက် ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတာ ဘယ်က ဝိညာဉ်လဲ "

မိုးသောက်ယံ ဖြေမည် ပြင်စဉ် လမ်းမထက်မှာ သွေးတွေနှင့် ယိမ်းထိုးယိုင်တိုင် လျှောက်လာသည့် ယောကျာ်းတစ်ယောက်ကို တွေ့လိုက်ရသည် ။ ဦးခေါင်းက သွေးတွေတသွင်သွင် ကျနေပြီး ဒဏ်ရာဒဏ်ချက်တွေက အပေါ်ယံ အရေပြားပင် မမြင်ရလောက်အောင်  ရုပ်ပျက်ဆင်းပျက်နှင့်။ မျက်ဝန်းတွေက သွေးတွေနှင့် ပြည့်နေပြီး မျက်ကန်းတစ်ယောက်လို ဦးတည်ရာမဲ့ လျှောက်သွားနေသည် ။ မိုးသောက်ယံ၏ တစ်ကိုယ်လုံး တုန်တက်သွားပြီး ကိုခန့်မင်းနောင်၏ အနောက်၌ ဝင်ပုန်းလိုက်သည် ။

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now