"ငါ မနေ့ညက အိပ်မက်တစ်ခု မက်ခဲ့တယ် ။ အိပ်မက်က နိမိတ် မကောင်းဘူးဟ "

လမင်းက ဆိုဖာမှာ ခပ်လျော့လျော့ မှီထိုင်ရင်း မျက်နှာမသာမယာနှင့် ညည်းညူပြီး ပြောလာသည် ။ မိုးသောက်ယံသည် လမင်း၏  စကားကြားတော့ စိတ်ဝင်စားသွားရ၏ ။

"ဘာအိပ်မက်လဲ "

"ငါ့ကို မဒီက စိတ်ဆိုးနေတယ်ထင်တယ်  ။ အိပ်မက်ထဲမှာ မကျေမနပ် စိုက်ကြည့်နေတယ် ။ အရမ်းကို နာကြည်းနေသလိုမျိုး "

မိုးသောက်ယံ၏ မျက်နှာကွက်ခနဲ ပျက်သွားရ၏ ။

"ငါ...ငါလည်း ဟိုရက်က အိပ်မက်မက်တယ် "

"ဒါဆို ငါတို့နှစ်ယောက်လုံး မဒီ့ကို အိပ်မက်မက်ခဲ့တာပေါ့ "

"အဲ့ဒီထက်ပိုတယ် "

မိုးသောက်ယံ၏ စကားကြားတော့ လမင်း၏ မျက်ဝန်းတို့ ပြူးကျယ်သွားသည် ။

"နင် ဘာကိုဆိုလိုတာလဲ "

"ငါ မနေ့ညက မဒီ့ကို မြင်လိုက်တယ် "

မိုးသောက်ယံက မနေ့ညက အဖြစ်အပျက်ကို လမင်းကို ပြန်​ပြောပြလိုက်သည် ။ သူ့စကားအဆုံး လမင်းက ပါးစပ်အဟောင်းသားနှင့် ဆွံ့အသွားတာ အချိန်အတော်ကြာသည်ထိ ။ ခဏကြာမှ လမင်းက သတိပြန်ကပ်သလို သူ့ကို ကြည့်၍ ပြောလာသည် ။

"မဒီ မကျွတ်မလွတ်သေးတာများလား ။ မဒီက အစွဲအလမ်းကြီးတယ် ။ အဲ့ဒါကြောင့်ပဲ သူ ဆုံးပါးသွားပြီးတာတောင် ဘဝမကူးနိုင်သေးတာလား မသိဘူး "

လမင်း ပြောတော့ မိုးသောက်ယံ ခေါင်းညိတ်လိုက်သည် ။

"ငါတို့ မဒီ့အတွက် ကုသိုလ်ကောင်းမှုလုပ်ပေးရအောင်"

လမင်းက ခေါင်းညိတ်၍ ထောက်ခံသော်လည်း မျက်ဝန်းတွေက အုံ့မှိုင်းနေသည် ။

မိုးသောက်ယံကိုယ်တိုင်လည်း ဘာကြောင့်မှန်းမသိ ရင်ထဲ ခဲဆွဲသလို လေးလံနေသည် ။ မကြာခင် မကောင်းတာတစ်ခုခု ဖြစ်တော့မည်ဟု သူ့ မသိစိတ်ထဲက ခံစားနေရသည် ။

*************

နောက်ရက် လမင်းက မဒီ့အတွက် သူ့  အိမ်မှာ ဘုန်းကြီးပင့်ကာ ပရိတ်ရွတ်ဖတ်၍ အမျှပေးဝေခဲ့သည် ။ ရှိုင်း နှင့် မိုးသောက်ယံလည်း ကျိုက်ထီးရိုးစေတီတော်၌ မဒီ့ကို ရည်စူးကာ ကုသိုလ်ကောင်းမှု လုပ်ပေးခဲ့သည် ။

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now