"နင် စိတ်မပူပါနဲ့ ။ ရှိုင်း သိပ်မကြာခင် သတိရလာမှာပါ "

လမင်းက မိုးသောက်ယံ၏ ပခုံးကို လက်ဖြင့် အသာပုတ်ရင်း အားပေးစကားဆိုသည် ။
ထို့​နောက် လမင်း၏ မျက်ဝန်းတွေက ဆွေးမြေ့ဟန်ဖြင့် ခပ်တိုးတိုး ရေရွတ်လာသည် ။

"ခုဆို ရှိုင်း သတိမေ့နေတာ တစ်နှစ်ကျော်သွားသလို မဒီ ဆုံးသွားတာလည်း တစ်နှစ်ကျော်ပြီပဲ "

မိုးသောက်ယံ သက်ပြင်းရှိုက်ပြီး ခေါင်းညိတ်လိုက်သည် ။ လွန်ခဲ့သည့် တစ်နှစ်ကျော်က မဒီက သူ့ကို ကားဖြင့်တိုက်စဥ် ရှိုင်းက ဆိုင်ကယ်ဖြင့် ကြားဖြတ်ဝင်၍ တားခဲ့သည် ။ မဒီက ရှိုင်း၏ ဆိုင်ကယ်ကို မြင်တော့ ကားကို အမြန် ရှောင်လိုက်သည်ထင် ။  ရှိုင်းကို တိုက်ရိုက် မတိုက်မိဘဲ ညောင်ပင်ကြီးကိုသာ အရှိန်ဖြင့် တိုက်မိခဲ့ပြီး နေရာမှာတင် ပွဲချင်းပြီး ဆုံးသွားခဲ့သည် ။

ရှိုင်းက မဒီ့ကားနှင့် တိုက်ရိုက်မတိုက်မိခဲ့သော်လည်း အဖျားခတ်ထိသွားပြီး  အရှိန်ကြောင့် ကျသွားသောအခါ ဦးခေါင်းကို ပြင်းထန်စွာ ထိခိုက်သွားသည် ။ သူလည်း ရှိုင်းကို ဖက်တွယ်ရင်း သတိလစ်မေ့မျောသွားခဲ့သည် ။

အဲ့သည်နောက် ရှိုင်း၏ အမေ အကူအညီတောင်းထားသော စုံထောက်က ရဲတချို့နှင့် ရောက်လာခဲ့ရာ သူတို့ကို လမ်းမှာ တွေ့ပြီး  ဆေးရုံသို့  အချိန်မီ ပို့နိုင်ခဲ့သည် ။

သို့သော် ရှိုင်းက စိုးရိမ်ရသည့် အခြေအနေကို ကျော်လွန်လာခဲ့သော်လည်း သတိပြန်မလည်လာခဲ့ပေ ။ ကိုမာ ဝင်သွားသည် ။ ယခုဆို အချိန်တစ်နှစ်ကျော် ကြာပြီဖြစ်သည် ။

သည်အချိန်အတွင်းမှာ တချို့အရာတွေက ပြောင်းလဲသွားခဲ့သည် ။ ထိုပြောင်းလဲသွားခဲ့သည့် အရာများထဲမှ တစ်ခုက လမင်းက သူ့ချစ်သူနှင့် စေ့စပ်ပွဲကျင်းပနိုင်ခဲ့ခြင်းပင် ။

"ယံယံ ၊ ယံယံ "

" ဟင် "

မိုးသောက်ယံ အတွေးလွန်နေရာမှ လမင်း၏ အသံကြားမှ သတိကပ်သည် ။

"ဘာတွေတွေးနေတာလဲ "

"ဒီလိုပါပဲ "

"လာ မုန့်စားဦး "

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now