"တောင်းပန်ပါတယ် ကျွန်တော်က အဲ့ဒီ့လောက်ထိ ပြန့်သွားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး ...တမင် မုန်းတီးလို့ ဖြန့်တာမျိုးလည်း မဟုတ်ပါဘူးဗျာ ကျွန်တော် တကယ်ပြောတာပါ ...သူတို့ နှစ်ယောက်ထဲ ရုပ်ရှင်ကြည့်တဲ့ အကြောင်းနဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက သံသယ ဝင်စရာ ကောင်းတဲ့အကြောင်း သူငယ်ချင်းတွေကို ပြောပြမိသွားတာပါ ...
ကောလဟလတွေက အဲ့ဒီ့ကနေ စသွားတာလို့ ထင်တာပဲ ...မရည်ရွယ်ဘဲ ဖြစ်သွားတာပါ ကျွန်တော် တောင်းပန်ပါတယ်နော် စီနီယာ ..."

"မင်း တောင်းပန်ရမယ့် သူက ငါမှမဟုတ်တာ ..."

"ဒါဆို ကျွန်တော် သူတို့နှစ်ယောက်ကို တောင်းပန်ပေးရမလား စီနီယာ..."

အမှားလုပ်ပြီး တောင်းပန်ရမယ်မှန်း သိသေးတဲ့ ဂျူနီယာကို ကြည့်ပြီး လင်းရဝေက စိတ်ကိုလျော့လိုက်ပါသည်။ လက်တုံ့ပြန်ခြင်းတွေ လျော့ဖို့ ဆန်းက သူတို့ကို ပြောထားသည်ပဲလေ။

"အဲ့ဒါက မင်းသဘောပဲ ...မဖြစ်မနေ တောင်းပန်ရမယ်လို့ ငါမပြောချင်ဘူး ...မင်းလည်း မရည်ရွယ်ခဲ့ဘူးဘဲ ..."

"စီနီယာ သဏ္ဍာန်ဆန်းနဲ့ စီနီယာ ဆီဇာနေရဇ္ဇတို့ ကျွန်တော့်ကို အရမ်းစိတ်ဆိုးနေကြလားဟင် ..."

"သူတို့ ဒီအကြောင်းကို မသိဘူး ငါမပြောပြဖြစ်ဘူး...အခုလောလောဆယ် ဒီကိစ္စကို သိတာက ငါပဲရှိတယ် ..."

မိုင်းကို မပြောပြဖြစ်တာက မိုင်းရဲ့ဒေါသကို သိနေလို့ပါ။ ဆန်းကို မပြောပြ ဖြစ်တာကတော့ မကြုံကြိုက်သေးလို့ပဲ ဆိုရမလား။

"မင်းကို လာပြောတယ်ဆိုတာက ...မင်းရဲ့မဆင်မခြင် ပါးစပ်ဖွာမှုကြောင့် လူနှစ်ယောက် ဝေးရတော့မယ် ...အဲ့ဒါကို ငါသဘောမကျဘူး ...မင်းအပြစ်ကို မင်းဆင်ခြင်နိုင်အောင်လို့ ငါလာ အသိပေးတာ ..."

"လူနှစ်ယောက် ...လူနှစ်ယောက်ဆိုတာက ..."

သုတဟန်က လင်းရဝေပြောတဲ့ နှစ်ယောက်ကို နားလည်နေတဲ့ အကြည့်နဲ့ ပြန်ကြည့်နေလေသည်။ လင်းရဝေကလည်း ပါးစပ်ကနေ မပြောဘဲ ခေါင်းပဲညိတ်ပြလာလေ၏။

"ဒါဆို ကျွန်တော် ထင်နေတဲ့ အတိုင်းပဲပေါ့ ...သူတို့နှစ်ယောက်က ..."

သဏ္ဍာန်ဆန်းWhere stories live. Discover now