ကျောင်းရောက်လျှင် ချစ်ရိပ်က တခြားမိန်းကလေးများနှင့် အုပ်စုဖွဲ့ကာ နေတတ်သည်။ မုန့်စားဆင်းချိန် နှင့် ကျောင်းလွှတ်ချိန်ကဲ့သို့ တခြားအချိန်များတွင်တော့ ကျွန်တော့်တို့နှစ်ယောက်နား လာတတ်သည်။ ယခင်က မိန်းကလေးများရှုပ်ပွေလွန်းသော သွေးသစ်သည်ပင် ယခုနှစ်တွင်တော့ အတော်ကလေးကို ငြိမ်ချက်သားကောင်းနေလေ သောကြောင့် ကျော်ကြီးတို့အဖွဲ့ စပွန်ဆာ ပျောက်ချေပြီ။

"အား...မူးလိုက်တာ... "
ယနေ့ ကျန်စစ်သားအသင်း အလှည့်ဖြစ်၍ သွေးသစ်တစ်ယောက် သန့်ရှင်းရေးလုပ်နေစဥ် ပြောလိုက်သော စကားကြောင့် လင်းအံ့ ထိတ်ပျာသွားရသည်။
"ရလား...သွေးသစ်.....ခေါင်းတအား..မူးနေလား..."
"............."

သွေးသစ်ဆီမှ အဖြေစကားမကြားရပဲ ​ခေါင်းကိုဖိကိုင်ကာ မျက်လုံးစုံမှိတ်ထားသောကြောင့်
"ခဏလောက်..ထိုင်ပြီး...နားလိုက်ပါလား....." ဟူ၍ သွေးသစ်ကို တွေ့သောခုံနေရာ တစ်ခုတွင် ဝင်ထိုင်စေလိုက်သည်။

"ဘယ်လိုနေသေးလဲ... သွေးသစ်....မူးနေတုန်းပဲလား...."

သူကလေး ခေါင်းငြိမ့်ပြလေသည်။ ကျွန်တော်လည်း သူ့ကိုခဏထိုင်စောင့်စေကာ အတန်းပိုင်ဆရာမကို သွားပြောရလေသည်။ ဆရာမက သွေးသစ်အခြေအနေကို လာကြည့်၍ အိမ်ပြန်ပို့ပေးရန် ကျွန်တော့်အားပြောလေသည်။

ကျွန်တော်လည်း သွေးသစ်၏အိတ်နှင့် ထမင်းချိုင့်များကို စက်ဘီးထဲအရင်ထည့်ကာ သွေးသစ် စက်ဘီးသော့ကိုတော့ ချစ်ရိပ်ကိုသာပေးခဲ့လိုက်သည်။ ကျွန်တော့်စက်ဘီးရှိရာသို့ သွေးသစ် ကို တွဲခေါ်လာရသည့်ခဏ သူကလေးကလည်း ကျွန်တော့်လက်ကို တင်းတင်းဆုပ်ကိုင်ထားလေသည်။

သူ့လက်ကလေးများ အေးစက်နေသည်။သူ့ကြည့်ရသည်မှာ အားမရ၊ ထို့ကြောင့် ကျွန်တော်လည်း ဆရာမကို သွေးသစ် အိမ်တွင် လူကြီး တစ်ယောက်မျှမရှိကြောင်း စုံစုံလင်လင် ပြောပြ၍ နှစ်ယောက်လုံး တစ်ခါတည်းခွင့်တိုင်ကာ ပြန်ခဲ့လိုက်လေသည်။

သူကလေး စက်ဘီးပေါ်ရောက်သည်နှင့် စိတ်ပူလွန်း၍ မြန်မြန်ပင်နင်းခဲ့တော့
"ဖြည်းဖြည်း နင်းပါ....ကိုလင်း ရယ်...ကျွန်တော်ပိုမူးလာပြီ....."
"ကောင်းပြီ... ကို..ဖြည်းဖြည်း နင်းမယ်နော်...."
ဟူ၍ ဖြည်းဖြည်း မှန်မှန်ပင် ပြန်လည်နင်းခဲ့လိုက်သည်။

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}जहाँ कहानियाँ रहती हैं। अभी खोजें