ဖြူ

17 1 0
                                        

ဒုတိယတန်းစား စုံထောက်အရာရှိ ကိုမြဒင်သည် သူ၏ ပထမဆုံး အမှုကို လက်ခံကာ နောင်ခါးရွာကိုရောက်တော့ ညနေ နေဝင်ရီတရောအချိန် ဖြစ်နေပြီ ဖြစ်သည်။ စုံထောက် မှတ်ပုံတင်ကို ထုတ်ပြကာ ကန့်သတ်စည်းထဲ ဝင်ရောက်ကြည့်ရှုခဲ့သည်။ သေဆုံးနေသူ မိန်းမလှလေး "ဖြူ" ကိုကြည့်ကာ ကိုမြဒင် ရင်ထဲတွင် တစ်ဆို့ကာ အသက်ရှူမွန်းကြပ်လာသည်။ ပကတိ မလှုပ်မယှက် ငြိမ်လျက်သားရှိနေသော "ဖြူ"၏ ရုပ်ကလာပ်ကို ကြည့်လျက် အံကိုကြိတ်ကာ ကိုမြဒင် ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ချလိုက်၏။ ဟုတ်သည်။ အပြစ်ကင်းစင်သော ထိုမိန်းမလှလေး၏ သေဆုံးမှုအကြောင်းတရားကို ရအောင် ဖော်ထုတ်ရမည်။ ဝဲဘက် နံရိုးသုံးဆစ်အကြားသို့ ဓားဖြင့်ပင့်ကာ ထိုးသွင်းထားသည့်ဒဏ်ရာ တစ်ခုမှလွဲ၍ အခြားထိခိုက် ဒဏ်ရာများ စိုးစိမျှ ရှာမတွေ့။ ဓားသွားမှာ နံရိုးကို ချိုးဖျက်ပြီး နှလုံးအိမ်သို့ တည့်တည့်မတ်မတ် စိုက်ဝင်သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် "ဖြူ"၏ သေဆုံးမှုသည် မတော်တဆမှု မဟုတ်။ လူသတ်တရားခံသည် ရည်ရွယ်ချက်ရှိရှိဖြင့် အသက်ကို နှုတ်ယူသွားခြင်းဖြစ်သည်။ ကိုမြဒင်သည် ဖြူနှင့် ပတ်သက်သည့် ဖြူ့ပတ်ဝန်းကျင်မှ လူတို့ကို စုံစမ်းစစ်ဆေးရာ လူသတ်တရားခံအဖြစ် သံသယဖြစ်မိသူ လေးဦး ရှိပါသည်။ ဦးမောင်၊ ကိုစံ၊ ကိုအောင်နှင့် ကိုရွှေ တို့ပင်ဖြစ်သည်။ တရားခံကား မည်သူနည်း ?

ပထမဦးစွာ ကိုမြဒင်သည် ဦးမောင်ကို စတင်လေ့လာ အကဲခတ်သည်။ ဦးမောင်သည် သေဆုံးသူ ဖြူ၏ပထွေး ဖြစ်သည်။ဦးမောင်၏ နောက်ကြောင်းပြန်ကောက်ရလျှင် အိမ်ထောင်နှစ်ဆက် ကျထားဖူးသည်။ ဖြူအမေမှာ တတိယ အိမ်ထောင်ဖြစ်သည်။အရင် အိမ်ထောင်နှစ်ခုအနက် ပထမတစ်ခုမှာ စစ်တွင်းကာလဖြစ်သောကြောင့် ပြေးရင်းလွှားရင်းဖြင့် ကွေကင်းသွားကြရာ ဆယ့်ငါးနှစ်တိုင်တိုင် သတင်းအစအန မရတော့ချေ။ ဒုတိယ အိမ်ထောင်မှာလည်း ပေါင်းသင်းပြီး သုံးလအကြာ ညဘက် နောက်ဘေးအသွား ပိုးထိ၍ သေဆုံးရရှာသည်။ တတိယအိမ်ထောင်ဖြစ်သော "ဖြူ"အမေနှင့် အကြောင်းပါသည်မှာ နှစ်နှစ်ခန့်သာ ရှိသေးသည်။ ယခုအခါ သမီးသဖွယ် မြတ်နိုးရသော မိန်းကလေး မိဖြူ အသတ်ခံရပြန်သည်။ ဦးမောင်၏ ရင်ထဲတွင် သောကမီးများဟုန်းဟုန်းတောက်လောင်နေသည်။ သူ၏ မျက်လုံးများ၌ ပူဆွေးနေသော အခိုးအငွေ့များပင် ထွက်နေသယောင်ရှိ၏။ ဦးမောင်သည် အိမ်ထောင်ရေးတွင် ကံမကောင်းသော်လည်း ဂုဏ်သရေရှိသော မိသားစု အဆင့်အတန်းမှ ပေါက်ဖွားလာသူဖြစ်ပြီး လက်ရှိရွာ၌ သူကြီးအဖြစ် တာဝန်ယူထားသော သမာသမတ်ရှိသူ ဟု နာမည်ကျော်သော ပုဂ္ဂိုလ်ဖြစ်သည်။ "ဖြူ" သည် မယားပါသမီးဖြစ်သော်ငြား သူ အလွန် ချစ်မြတ်နိုးရသော သမီးလေးဖြစ်သည်။ အစစအရာရာ လိုလေသေးမရှိ အလိုလိုက် ထားသောကြောင့် "ဖြူ"ပင်လျှင် သေဆုံးသွားသော ဖေဖေ့နေရာသို့ အစားထိုးလိုက်သည့် သူမ၏ မေမေ့ကို အပြစ်မမြင်သည်မှာ ရပ်သိရွာသိ ပင်ဖြစ်သည်။ သမီးရင်းချာသဖွယ် မေတ္တာစစ်ဖြင့် ချစ်မြတ်နိုးသော ပထွေးမှာ အဘယ်သို့ သတ်အံ့နည်း ?

ဖြူStories to obsess over. Discover now