Chapter 17 (Unicode)

14.7K 1.2K 83
                                    

ဒီနေ့ ကျောင်းပိတ်ရက်မို့ ရန်ကုန်အိမ်မှာ မင်းဆက်ရှိနေသည်။ မင်းဆက်သည် မနက်ခင်းအစော အင်းယားကန်ကိုထွက်လာပြီး ကန်ပေါင်ပေါ်မှာ မနှေးမမြန်ပြေးသည်။ ချွေးစို့မှ အပြေးရပ်ကာ ကန်ရေပြင်ကို မျက်နှာမူပြီး လေနုအေးကို ရှူရှိုက်ကာ အသက်ရှူလေ့ကျင့်ခန်းလုပ်သည်။ ပြီးတာနဲ့ ကန်ပေါင်ပေါ်မှ ပြန်ဆင်းလာလိုက်သည်။

*ဘုန်း..*

လှေကားအတိုင်း ဆင်းနေတုန်းမှာ ကောင်လေးတစ်ယောက်က မင်းဆက်ကို ဝင်တိုက်သည်။ မင်းဆက်က လှေကားတစ်ထစ် ပိုမြင့်သောနေရာမှာ ရှိနေတာကြောင့် ကောင်လေးက မင်းဆက်ရဲ့ရင်အုပ်‌နေရာကို သူ့ခေါင်း‌နဲ့ ပြေးဆောင့်မိသွားသည်။

"ဆောရီး ညီလေး"

ကောင်လေးက Rain Coat ဆင်စွယ်ရောင်ကို ဝတ်ထားသည်။ Hoodie ခေါင်းဆောင်းက အကြီးကြီးဆိုတော့ မျက်နှာကို တန်းခနဲ ပေါ်ပေါ်ထင်ထင် မမြင်ရ။ ဝင်တိုက်ကြပြီဆိုမှတော့ ကိုယ့်အမှားလည်း ဖြစ်နိုင်သလို သူ့အမှားလည်း ဖြစ်နိုင်တာပဲမို့ ဆောရီးဆိုသော စကားတစ်ခွန်းက မင်းဆက်ရဲ့နှုတ်ခမ်းဖျားက ရှောရှောရှူရှူ ထွက်သွားခဲ့သည်။

"လူတစ်ယောက်လုံး ပြေးတက်လာတာ မမြင်ဘူးလား၊ ခင်ဗျား မျက်လုံးတွေ ကန်းနေတာလား"

"ဘာ!"

ဘာလဲ။ ဘယ်လိုကောင်လဲ။ ရိုင်းလိုက်တာလေ။ အခုကိစ္စမှာ မင်းဆက်ဘက်က မှားတာမဟုတ်ဘူး။ သူ့ဘာသာ မမြင်မစမ်းနဲ့ ကမူးရှူးတိုး ပြေးတက်လာပြီးတော့ လူကို တည့်တည့်ဝင်ကျုံးတာ။ ပြီးတော့ သူကပဲအရင် နှုတ်သီးကောင်း လျှာပါးနဲ့ ရန်တွေ့တာ။ မြင်ကိုမမြင်ဖူးဘူး။ ဘယ်လိုကောင်လဲ။ ဒါမျိုးကို လက်သင့်မခံတာ။ စိတ်တိုတိုနဲ့ အရိုင်းအစိုင်းကောင်လေးရဲ့အင်္ကျီကို လည်ပင်းပေါက်ကနေ ခပ်တင်းတင်းကိုင်ပြီးတော့ ဆောင့်ဆွဲပေးလိုက်သည်။

"ဟေ့ ဒီမှာ .. မင်း ဘာစကားပြောတာလဲ"

အင်္ကျီကို လည်ပင်းပေါက်ကနေ ဆောင့်ဆွဲပေးလိုက်တော့မှ ကောင်လေးရဲ့မျက်နှာကို မင်းဆက်မြင်လိုက်ရသည်။ အခိုးအငွေ့ထွက်နေသော မျက်ဝန်းတွေနဲ့ ခပ်စူးစူးကြည့်လာသော အကြည့်တွေ။ အမြဲတမ်း ရန်လိုနေတတ်သော ကောင်လေး။ မင်းဆက် သိပ်သိတာပေါ့။ ဒီကောင်လေးနဲ့ ထပ်မဆုံဖြစ်တာ ကြာပြီ။ နောက်ဆုံးတွေ့ခဲ့သောနေရာက Junction Square မှာ။ နောက်ဆုံးတွေ့ခဲ့ချိန်မှာ ဒီကောင်လေးရဲ့မျက်နှာသည် မင်းဆက်ကြောင့် ပန်းသွေးရောင်လေး လွင့်နေခဲ့သည်။ အခုကျတော့ စူးရှသော မျက်ဝန်းအကြည့်တွေနဲ့တင် မီးထတောက်မှာ ကြောက်ရသည်။

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Where stories live. Discover now