"မန္တလေးမှာလား၊ ဒါမှမဟုတ် မဟော့်မာမီအိမ်မှာလား"
အံ့မဟော်တွဲခဲ့သမျှ ရည်းစားတွေထဲမှာ သုသုက ဒီအချက်တွေကြောင့် သူ့ဘေးမှာ အချိန်ကြာကြာရှိနေခြင်းဖြစ်သည်။သူ တစ်ခုခုပြောလိုက်တာနှင့် သုသုက သဘောပေါက်လွယ်သည်။
"မာမီ့အိမ်"
"မဟော်ပြောတော့ မနေဖြစ်ဘူးဆို"
"ဒီလိုပါပဲ၊ အပေးအယူလေးတွေ ရှိလို့"
"သုကိုရော သတိမရဘူးလား"
"မေးခွန်းသုံးခုပြည့်ပြီးပြီ"
သုသုရဲ့ တဟင်းဟင်း ရယ်သံကို ဖုန်းထဲက ကြားနေရသည်။
"အလစ်ဖမ်းလို့လဲ မရဘူးကွာ၊ ဒီနေ့ မဟော် စိတ်ကြည်နေတယ်ဆို... မေးခွန်းလေး တစ်ခုလောက်တောင် သုကို အဆစ်မပေးချင်ဘူးလား"
"သုံးခုဆိုတာ အထူးအခွင့်အရေးကြီးကို မင်းရထားတာပဲ၊ ငါတွဲခဲ့သမျှ ရည်းစားတွေထဲမှာ ငါ့ကို မေးခွန်းနှစ်ခုထက် ပိုမေးခွင့်ရှိတာ မင်းတစ်ယောက်ထဲပဲ ရှိတယ်"
"အဲ့တော့ သုက ဂုဏ်ယူရမယ်ပေါ့၊ ဒီလိုမှန်းသိရင် ခုနကမေးခွန်းကို အရင်ဆုံး မေးလိုက်ပါတယ်၊ နာလိုက်တာကွာ"
"အရင်ဆုံးမေးလည်း ငါဖြေမယ့် အဖြေကို မင်းသိမှာပါ"
"အဟင်း... အင်းပေါ့၊ သိလို့လည်း တမင်မမေးခဲ့တာ ဖြစ်ရင်ဖြစ်မှာပေါ့လေ"
ခြံထဲမှာ ထိုင်နေရင်း နေက အတော်ပူလာတာကြောင့် ဆက်ထိုင်နေချင်သော်လည်း အဆင်မပြေတော့ချေ။ ထို့ကြောင့် အိမ်ထဲသို့ ဖုန်းပြောရင်း သူပြန်ဝင်လာလိုက်သည်။
ဧည့်ခန်းထဲမှာ ထိုင်၍ ရယ်မောနေကြသော မာမီနဲ့ ဦးခန့်သာ...။
လှမ်းနေသော သူ့ခြေလှမ်းတို့ ခဏတာ တုံ့ဆိုင်းသွားသည်။
ဘယ်လောက်တောင် သဘောကျစရာကောင်းတဲ့ စကားတွေကိုများ ပြောနေကြလို့ ဒီလိုရယ်မောနေကြတာပါလိမ့်။
သူ့ကိုမြင်တော့ တည်ခနဲ ဖြစ်သွားသည့် မာမီ့မျက်နှာ။
ပျော်ရွှင်ကြည်နူးနေရာမှ ချက်ချင်းပင် ရေခဲရိုက်ခံလိုက်သလို အေးစက်စွာ ပြောင်းလဲသွားသည့် မာမီ့အမူအယာကို သူ အသေအချာ ကြည့်လိုက်မိသည်။
အပိုင်း ၁၁
Começar do início