Chapter 8 ( Unicode)

15.7K 1.3K 29
                                    

ဂျင်ဂျာသည် ဖေဖေ့အတွက် ကောင်းမှုကုသိုလ်ပြုတဲ့အ‌နေနဲ့ ဘုန်းကြီးကျောင်းမှာ အချိန်တစ်ပတ်ကြာ ကိုရင်ဝတ်ဖြစ်ခဲ့သည်။ ကိုရင်ပြန်ထွက်ပြီးမှပဲ ရန်ကုန်မှာ ကျောင်းပြန်တက်ဖို့ကိစ္စကို လုပ်ရသည်။ ဒီနေ့က ရန်ကုန်မှာ ကျောင်းစတက်ရ‌သောနေ့။ ပညာ့ပန်းတိုင် Private School ကို ဦးမင်းမြတ်မွန်က လိုက်ပို့ပေးသည်။ ဂျင်ဂျာက ကျောင်းမအပ်ရသေးလို့ ဘွားဘွားကိုယ်တိုင် ကျောင်းလိုက်အပ်ပေးသည်။

"မမမြတ်တို့ ရောက်လာပြီလား၊ လာလာ ထိုင်ကြ၊ ဒါက မြေးလေးလား"

"သိင်္ဂီရေ မြေးကို ကျောင်းလာအပ်တာ၊ အကောင်းဆုံး အတန်းမှာ ထားပေးနော်"

"လုပ်ပေးရမှာပေါ့ မမမြတ်ရယ်၊ ပြောနေစရာမလိုပါဘူး"

"ဒါက ကျောင်းပြောင်းလက်မှတ်၊ ဪ.. ပြောရဦးမယ်၊ အဲ့ဒီလက်မှတ်မှာ ရေးထားတဲ့ နာမည်ကို မသုံးဘူးနော်၊ ငါ့မြေးကို နာမည်အသစ်ပြန်ပေးထားတယ်"

မြတ်စိတ်ထားက မြေးလေးကို သင်္ကန်းစည်းပေးပြီး ကိုရင်ဝတ်ပေးခဲ့တာကြောင့် မြေးလေးက အခုဆိုရင် ဗုဒ္ဓဘာသာဝင်ဖြစ်သွားခဲ့ပြီ။ မြေးရဲ့နာမည်ကိုလည်း ပြောင်းထားပြီးပြီ။ အဲ့ဒါကြောင့် မြေးရဲ့ငယ်နာမည်ကို ဘယ်သူကမှ မြတ်တော်ဝင်အိမ်ကြီးထဲမှာ မခေါ်စေရ။

"မမမြတ် အဲ့ဒါဆို ကျောင်းမှတ်ပုံတင် သွင်းရအောင် ကလေးနာမည် ပြောပါဦး"

"ရှင်မင်းဆက်၊ အဘအမည် ဦးမြတ်သော်၊ ဗမာလူမျိုး၊ ဗုဒ္ဓဘာသာ"

ဘွားဘွားက ဂျင်ဂျာ့နာမည်အသစ်ကို ရွတ်ပြသည်။ မြတ်တော်ဝင်ကို စရောက်ကတည်းက ဘယ်သူကမှ ဂျင်ဂျာ့ကို နာမည်မမေးခဲ့ကြပါ။ ဦးမင်းမြတ်မွန်အပါအဝင် ဘယ်သူကမှ ဂျင်ဂျာ့ကို နာမည်မခေါ်ခဲ့ကြဘဲ ကလေးဟုသာ ခေါ်ခဲ့ကြသည်။ အခုတော့ ဂျင်ဂျာ့ကို မြတ်တော်ဝင်မှာ ခေါ်မည့် နာမည်အသစ်က ရှင်မင်းဆက်။ ဂျင်ဂျာ့ကို နာမည်ပြောင်းထားတဲ့ကိစ္စကို ဘွားဘွားက တစ်ခွန်းမှ မပြောခဲ့တာကြောင့် ဂျင်ဂျာလည်း အခုမှသိရသည်။

"သားနာမည်ကို ဘာဖြစ်လို့ပြောင်းလိုက်တာလဲ ဘွားဘွား"

"မြေးက Moon Star Construction ကို တည်ထောင်သူ ဦးဆက်အောင်ရဲ့တစ်ဦးတည်းသောမြေးပဲ၊ မြတ်တော်ဝင်ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံမယ့် မျိုးဆက်၊ မြေးနာမည်က ဒီနေ့ကစပြီး ရှင်မင်းဆက်၊ မြေးက ဘွားဘွားလုပ်နေတဲ့ အလုပ်တွေကိုပါ အခုအရွယ်ကတည်းက လေ့လာသင်ယူရမယ်"

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Where stories live. Discover now