Chapter 5 (Unicode)

18.2K 1.4K 35
                                    

မနက်ခင်း ဝေလီဝေလင်းအချိန်တွင် မာသာဂျူလီယာ ဦးဆောင်၍ မိဘမဲ့ဂေဟာမှ ကလေးများသည် နော်ဘူဘောတောင်ဆီ ခြေလျှင်လမ်း‌လျှောက်ထွက်လာကြသည်။ မြူခိုးဝေနေချိန်မို့ လမ်းတစ်လျှောက်တွင် သစ်ရွက်သစ်ခက်မှန်သမျှသည် နှင်းရည်စိုစွတ်လို့ စိမ်းစိုလှပနေသည်။ တောင်ပေါ်လမ်းကျဥ်းတွေကို ချီတက်လာပြီးတဲ့အခါ ဟိုအဝေး တောင်ထိပ်ဆီက လက်ဝါးကပ်တိုင်ကို လှမ်းမြင်ရသည်။

ဒဏ္ဍာရီထဲက မင်းသမီးလေး နော်ဘူဘော အသတ်ခံရတယ်လို့ ယူဆရ‌သော တောင်ထွတ်နေရာတွင် စိုက်ထူထားသော လက်ဝါးကပ်တိုင်ကြီးကို လှမ်းမြင်နေရပြီမို့ တောင်ခြေရောက်ဖို့လည်း နီးလာပြီ။ ဆယ်မိနစ်ခန့် လမ်းထပ်လျှောက်ပြီးသောအခါ နော်ဘူဘောတောင်ခြေသို့ အားလုံးစုရုံး ရောက်ရှိလာကြသည်။

"ကဲ ကလေးတွေ.. တောင်ခြေရောက်ပြီ၊ တောင်ခြေမှာ ၁၅ မိနစ်နားပြီးရင် တောင်ပေါ် စတက်ကြမယ်"

"ဟုတ်ကဲ့ မာသာ"

နော်ဘူဘော တောင်ခြေတွင် စိုက်ထူထားသော ဆိုင်းဘုတ်ကြီးပေါ်မှာ ရေးထားသော စာများကို ဗင်ဒါလည်း လိုက်ဖတ်ကြည့်ပြီး‌နောက် ဦးနှောက်အခန်းငယ်မှ မီးသီးတစ်လုံး ဖျတ်ခနဲ လင်းသွားသည်။ ဗင်ဒါ့မျက်နှာလေးလည်း ပြုံးသွားရသည်။

"တောင်ထိပ်သို့ လှေကားထစ်ပေါင်း ၃၇၄ ထစ်"

ဆိုင်းဘုတ်မှာ ရေးထားသောစာများကို ဗင်ဒါလိုက်ဖတ်ကြည့်ပြီး ကိုကို့ကို ခေါင်းမော့ကြည့်လိုက်သည်။ မာသာပေးထားသော အချိန်သည် တောင်ခြေမှာတင် ရှုခင်းလှလှတွေကို ငေးကြည့်ရတာနဲ့ အချိန်ကုန်ပြီ။ တောင်ပေါ်တက်ဖို့ ကလေးအားလုံးကို မာသာက လူပြန်စုနေပြီ။ ဗင်ဒါလည်း ကိုကို့လက်တစ်ဖက်ကို ဆုပ်ကိုင်ထားလိုက်သည်။

"ကဲ ကလေးတွေ တောင်ပေါ်တက်ကြတော့၊ ပြေးမတက်ကြနဲ့နော်၊ လှေကားထစ်ဆိုတော့ ချော်လဲပြုတ်ကျရင် ခေါင်းကွဲလိမ့်မယ်"

"ဟုတ်ကဲ့ မာသာ"

အခုမှ မနက်မိုးလင်းခါစမို့ တောင်တက်လမ်းသည် ဂေဟာက ကလေးများမှလွဲ၍ တခြားသူများမရှိလို့ လူရှင်းနေသည်။ ကိုကိုနှင့် ဗင်ဒါမှလွဲ၍ ကလေးတစ်အုပ်က တောင်ပေါ်ကို ပြေးတက်ကြသည်။ ကိုကိုကလည်း တောင်ပေါ်ပြေးတက်ရန် ဟန်ပြင်နေပြီ။ ဗင်ဒါသည် မျက်နှာလေးပြုံးပြီး ကိုကို့လက်ကို ဖမ်းဆုပ်ထားလိုက်တာကြောင့် ကိုကိုက ဗင်ဒါ့ကိုကြည့်လာသည်။

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Où les histoires vivent. Découvrez maintenant