Chapter 1 (Unicode)

45.6K 2.5K 54
                                    

အချိန်သည်ကား ပူပြင်းလွန်းလှသော နွေတစ်ည၏ သန်းခေါင်ယံအချိန်။ ထင်းရှူးပင်ပျိုပင်အိုတို့ ပတ်ချာလည် ဝန်းရံအုပ်ဆိုင်းနေသော ခြံအကျယ်ကြီးထဲက မေတ္တာရိပ် မိဘမဲ့ဂေဟာသည် လမင်း၏ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။ ညဉ့်နက်သန်းခေါင် လူအများစု အိပ်မောကျနေချိန်တွင် မိန်းကလေးတစ်ယောက်သည် ခပ်ကျစ်ကျစ် ထုပ်ထားသော အနှီးထုပ်ကို ရင်ဝယ်ပိုက်ကာ မိဘမဲ့ဂေဟာအရှေ့သို့ ခပ်သွက်သွက် လျှောက်လာနေသည်။

မိန်းကလေးသည် မိဘမဲ့ဂေဟာအရှေ့သို့ ရောက်ရှိသောအခါ ခြံစည်းရိုးအစပ်ရှိ ဗင်ဒါသစ်ခွစင်အရှေ့တွင် ခြေအစုံကို ရပ်လိုက်သည်။ မိန်းကလေး၏ မျက်လုံးများသည် ငြိမ်သက်မှုမရှိဘဲ အကြည့်တို့ကို ဟိုဒီရွေ့လျားလျက်ရှိသည်။ မိန်းကလေးသည် ခပ်မြန်မြန်ပင် ပုဆိုးတစ်ထည်ကို မြေပြင်တွင် ဖြန့်ခင်းချကာ ရင်ခွင်ပိုက်ထား‌သော ကလေးငယ်ကို ပုဆိုးပိုင်းပေါ်ကို ချလိုက်သည်။

ကလေးငယ်လေးသည် မိခင်ရင်ခွင်နှင့် လွတ်ကင်းသွားသော်လည်း အိပ်မောကျနေသည်။ မိန်းကလေးသည် ကလေး၏ ရွှေအိုရောင်ဆံနွယ်ပျော့လေးများကို လက်ဖြင့် အသာအယာ တို့ထိပွတ်သပ်လိုက်ကာ ဖောင်းအိနေသော ပါးပြင်လေးကိုပါ ဖျစ်ညှစ်လိုက်သည်။

"အမေလည်း သားကို ဒီနေရာမပို့ချင်ပါဘူး၊ ဒါပေမဲ့ ဒီနေရာက သားအတွက် ပိုအဆင်ပြေမှာပါ၊ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာနော်"

မိန်းကလေးသည် နွမ်းဖျော့နေသော မျက်နှာဖြင့် တိုးလျသော စကားကိုဆိုကာ ကလေးငယ်၏ အပေါ်သို့ စောင်အပါးတစ်ထည်ကို ထပ်အုပ်လိုက်ပြီးနောက် ထိုနေရာကိုရော ကလေးငယ်လေးကိုပါ စိမ်းကားပြတ်သားစွာ ကျောခိုင်းပစ်လိုက်သည်။

*အူး ... အူး .... အူး ...*

တိတ်ဆိတ်မှုတို့ ကြီးစိုးနေသော ညဥ့်သန်း‌ခေါင်ယံတွင် ဆွဲဆွဲငင်ငင် အူနေသော ခွေးအူသံများ ထွက်ပေါ်လာလျက်ရှိသည်။ ညဥ့်နက်လေလေ အမှောင်ယံထုက ပို၍ ကြီးစိုးလာလေဖြစ်သော နွေညတွင် ညှင်းသွဲ့သွဲ့ တိုက်ခတ်နေသော လေရူးတို့ကြောင့်လည်း ထင်းရှူးခက်တို့၏ ပွတ်တိုက်ရိုက်ခတ်သံများ ထွက်ပေါ်လာနေသည်။

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Where stories live. Discover now