Once Upon An Us-2

Start from the beginning
                                    

__________________________________

တစ်နေ့လုံးမြို့ပေါ်ပတ်နေပြီးတော့ ရိပေါ်အဒေါ်ကြီးတစ်ယောက်ဆီကနေ အိမ်လိပ်စာကိုသေချာမေးလို့ရသွားတယ်...။ လိပ်စာက ချုံချင်မြို့လို့ပေးထားပေးမယ့် တကယ်တမ်းက မြို့နဲ့ခပ်လှမ်းလှမ်းက ကောရန် (Gouyang) ဆိုတဲ့ရွာလေးမှာ ရှိတာ....။

ရွာလေးက တကယ်နေချင့်စဖွယ်လေးပါပဲ....။လှေကားထစ် အထပ်ထပ်စိုက်ပျိုးထားတဲ့ စိုက်ခင်းလေးတွေက စိမ်းစိမ်းစိုစိုနဲ့မျက်စိပသာဒ ရှိလှတယ်....။ နေညိုချိန်ရောက်နေပြီဖြစ်လို့ ပုဇွန်ဆီရောင်ရင့်ရင့်နေရောင်က စိမ်းစိမ်းစိုစိုစိုက်ခင်းတွေပေါ်ကျရောက်နေတယ်....။ ဒီမြင်ကွင်းလေးက တကယ်ကို အေးချမ်းတယ်...။
ကိုကိုက သူ့ကို တောဘက်မှာ အိမ်ဝယ်ပေးခဲ့တယ်ဆိုတော့ လယ်စိုက်ရင်းအေးအေးချမ်းချမ်းနေပြီး အသက်ကြီးတော့လို့ ပြောချင်တာများလား...။ လယ်စိုက်ရင်း သူပြန်အလာကိုစောင့်ပေါ့....အဲ့လိုလား....။

အိမ်လေးက ခပ်ပြေပြေခပ်နိမ့်နိမ့်တောင်ကုန်းလေးပေါ်မှာရှိတာကြောင့် အိမ်ခေါင်မိုးစိမ်းလေးကို အဝေးကတောင်လှမ်းမြင်ရတယ်...။

အနီးနားရောက်လာလေလေ အိမ်လေးကရုပ်လုံးပေါ်လာလေလေပါပဲ....။ အိမ်ကလေးက အစိမ်းနုနုသုတ်ထားတယ်...။ ခါးတစ်ဝက်လောက်ပဲရှိတဲ့ ခြံစည်းရိုးလေးနဲ့ ခြံတံခါးလေးကအဖြူသုတ်ထားတယ်....။ ခြံဝကနေအိမ်လေးဆီထိ ကျောက်တုံးအဖြူလေးတွေနဲ့လမ်းခင်းထားတယ်....။ အိမ်ရှေ့ခြံစည်းရိုးနဲ့ကပ်လျက်က ပန်းဥယျာဉ်ငယ်လေးထဲမှာ နှင်းဆီပန်းအဖြူလေးတွေစိုက်ထားတယ်....။ တစ်ခြံလုံးက ညီနေအောင်ရိတ်ထားတဲ့ မြက်ခင်းစိမ်းတွေနဲ့ ပြည့်နေတယ်.....။ စာတိုက်ပုံးအနီလေးနဲ့ ခြံတံခါးအဖြူလေးကို ရိပေါ်အလွယ်တကူပဲ ဖွင့်ဝင်လိုက်တယ်....။

ခြံတံခါးအ၀င်ညာဘက်ဘေးမှာ ခုံဝိုင်းလေးပတ်ရိုက်ထားတဲ့ မေပယ်လ်ပင်အကြီးကြီးတစ်ပင်ရှိတယ်....။ ဆောင်းဦးမို့ ခုံဝိုင်းလေးပေါ်မှာ မေပယ်လ်ရွက်ကြွေတွေပုံနေအောင် ကြွေကျထားတယ်....။

လေတစ်ချက်ဝှေ့လိုက်တော့ တဖွဲဖွဲကြွေကျလာတဲ့ ရွက်ကြွေတွေနဲ့အတူ ရွက်ကြွေလေးတစ်ရွက်ဟာ ရိပေါ်ပခုံးပေါ်ကျဆင်းလာတယ်....။ ရိပေါ်ပခုံးပေါ်က မေပယ်လ်ရွက်ဝါလေးကို ယူလိုက်ပြီး အသာဆုပ်ထားလိုက်တယ်....။ သစ်ရွက်ကြွေကို ဖမ်းဆုပ်မိရင်တောင်းဆုတွေပြည့်တယ်တဲ့....။

𝓞𝓷𝓬𝓮 𝓤𝓹𝓸𝓷 𝓐𝓷 𝓤𝓼Where stories live. Discover now