ခန်းမထဲ ရင်းနှီးသည့် အသိမိတ်ဆွေရယ်လို့ တစ်ယောက်မှ မရှိ ။ ဝဏ္ဏကို ရှာရန် ခန်းမ အနောက်က နားနေခန်းထဲ ထွက်လာ လိုက်သည် ။
"ဝိုင်လေး ဝဏ္ဏရော "
ဝိုင့် ကို မြင်တာနှင့် အသည်းအသန် ပြေးလာကြသော စီနီယာ မမများ ။
"ဗျာ မသိဘူးလေ ကျွန်တော်လည်း သူ့ကို လာရှာတာ "
"ဖုန်းဆက်ကြည့်ပါဦး သူတို့ အစီအစဉ် စတော့မှာ "
စီနီယာမမတွေ ဝိုင်းလာသည့် အခြေအနေကို နည်းနည်းတော့ ရိပ်မိသလို ရှိလာသည် ။ ဝဏ္ဏ ဆီကို ခပ်မြန်မြန် ဖုန်းခေါ်လိုက်သည် ။
"မကိုင်ဘူး အစ်မ "
"ဒုက္ခပဲ ပွဲစဖို့ ဘယ်လောက်မှ မလိုတော့ဘူး ဒီလိုလုပ်ပါလား သူတို့ အစား ဝိုင်နဲ့ တစ်ယောက်ယောက် တွဲလျှောက်ပေးမလား"
ဒီလို ဖြစ်လာမယ်ဆိုတာ သိနေတယ် ....သိနေလို့ အသည်းအသန် ဖုန်းဆက်နေတာကို ဒင်းက မကိုင်ဘူး ။
"ဟို ..ခဏ စောင့်ကြည့်လိုက်ပါဦး အစ်မ ကျွန်တော်က ဘာမှ မပြင်ဆင်လာတော့ အဆင်မပြေဘူးလေ "
"ကျွတ်စ် သူတို့သာ မလာရင် အစ်မတို့ မေဂျာက ထွက်မယ့် အတွဲ မရှိတော့ဘူး စိတ်ညစ်လိုက်တာ "
အစ်မတွေ ယောက်ယက်ခက်နေသလို ကျွန်တော်လည်း စိတ်ရှုပ်လာသည် ။ ဝဏ္ဏ က သူတာဝန်ယူထားပြီးရင်တော့ မဖြစ်ဖြစ်အောင် လုပ်သည့် လူမျိုးပါ ။
"အစ်မ စိတ်မပူပါနဲ့ ဝဏ္ဏ သေချာပေါက် လာမှာပါ "
အစ်မက သိပ်မယုံချင် ယုံချင်ဖြင့် ဖုန်းတွေသာ ထိုင်ပြီး ဆက်နေလေသည် ။ H ကို ဖုန်းခေါ်တော့လည်း မရ ။ ပွဲက တကယ်ကြီး စတော့မည် ။
"ဟို ကျွန်တော် ပြင်ဆင်လိုက်ရမလား "
နောက်ဆုံး ပွဲစနေပြီမို့ မကူညီလို့ မဖြစ်သည့် အခြေအနေမို့ ဝိုင် မေးလိုက်သည် ။
"တော်ပါပြီ ... မလာတော့လည်း အစ်မတို့ မေဂျာက မထွက်တော့ဘူး အစ်မလည်း စိတ်ကုန်နေပြီ "
စီနီယာတွေ အကုန် တကယ်ကြီး စိတ်ပျက်လက်ပျက် ဖြစ်နေကြသည် ။ ပွဲ စပြီး တခြား မေဂျာတွေ လျှောက်လမ်းပေါ် တစ်တွဲပြီး တစ်တွဲ တက်လာကြသည် ။
နောက်ဆုံး ကျွန်တော်တို့ မေဂျာအလှည့် ရောက်လာသည် ။ H နဲ့ ဝဏ္ဏ နာမည် ခေါ်နေလေပြီ ။ ကျွန်တော်လည်း ကိုင်မည့်သူ မရှိသည့် ဖုန်းကိုသာ ဆက်နေမိသည် ။ စီနီယာ အစ်မတွေ မျက်နှာကလည်း အတော်လေး ပျက်နေလေပြီ ။
နာမည်က ထပ်ခေါ်လေသည် ။ သို့သော် စင်ပေါ်တက်မည့်သူ မရှိ ။ MC က အပြုံး မပျက်သော်လည်း နည်းနည်းတော့ လေသံမာလာသည် ။ နောက်ဆုံး အကြိမ် နာမည်ခေါ်သည် ။ ဒီတစ်ခါမှ မတက်ရင် ကျွန်တော်တို့ မေဂျာတော့ သွားပြီ ။
"ဝုန်း "
"ဂွက် ဂွက် ဂွက် ဂွက် "
ရုတ်တရက် အခန်း တံခါးပွင့်သွားပြီး ဒုန်းစိုင်းပြေးလာသည့် H နှင့် ကောင်မလေး တစ်ယောက် ....။
ဒေါက်ဖိနပ်သံက တဂွက်ဂွက်ဖြင့် ။
"မင်းဥာဏ်ဟိန်း !! ဘာလို့ အခုမှ လာတာလဲ တက်တော့ မြန်မြန် ဝဏ္ဏရော ? သူက ဘယ်သူလဲ "
အစ်မတွေက မင်းဥာဏ်ဟိန်းကို မြင်ပြီး အားတက်သရော ပြောလိုက်ပေမယ့် သိပ်တော့ စိတ်မချ ။ ဒင်းက ဘယ်က ကောင်မလေးကို ခေါ်လာသည် မသိ ။ ဒီပွဲက ယောက်ျားလေးတွေပဲ ပြိုင်လို့ရတာလေ ။
H က အစ်မတွေ ပြောတာ ပြန်မဖြေဘဲ စင်ပေါ်သို့သာ တက်သွားသည် ။ ဝိုင် လည်း စင်အရှေ့ကနေ သွားပြီး ကြည့်လိုက်သည် ။
H က ပုံမှန်အတိုင်း သန့်သန့်ပြန့်ပြန့်ဖြင့် စွဲဆောင်မှုရှိနေပြီး ချောမော ခန့်ညားလျက် ။ ဒူးလောက် ဂါဝန် အနက်ရောင်လေးဖြင့် တအား လှသည့် ကောင်မလေးကို တစ်ချက် ကြည့်လိုက်သည် ။ အနီရောင် နှုတ်ခမ်း ဖူးဖူးလေးက ဆွဲကိုက်ချင်စရာ ။
မျက်ဝန်းလေးက အစ အကြည့်မလွှဲချင်စရာ ။ စင်းနေသည့် နှာတံလေးနှင့် တန်းနေသည့် မျက်ခုံးမွှေး တစ်စုံ ။ ကော့နေသည့် မျက်တောင် ရှည်ကြီးတွေ ။ ကျွန်တော့်ကို မြင်တော့ ထိုကောင်မလေးက ရယ်ပြသည် ။
အဲ့တော့မှ မှတ်မိသွားသည် ။
"ဝဏ္ဏ ! "
》》》》》》》》
YOU ARE READING
Winner ?
RomanceCover by _ Aung Bhone Khant ဝိုင် တည်ဦးဝေ ဝဏ္ဏ မင်းဥာဏ်ဟိန်း ပေါ့ပေါ့ပါးပါး Boys Love fiction လေးပါ 💚