ကိုကို

2.5K 100 6
                                    

ကိုကို

“ဘဘ..ဘယ်နှနာရီ ရှိပြီလည်း..”
“၃ နာရီခွဲ ပြီ..ညည်း အိပ်ချင်အိပ်လေ..ည တုန်းကလည်း တစ်ညလုံး မအိပ်ရဘူးမလား…”
“အင်း…၄ နာရီ ခွဲ မှ..အိပ်မယ်..”
ကျွန်မ  နာမည် ကတော့ မွှေးလို့ခေါ်ကြတယ်..အစစ်ကတော့ ဝေ၀မွှေး..ပေါ့..ဒါပေမဲ့..မွှေးလို့ ပဲခေါ်တက်ကြပါတယ်…။
ကျွန်မ က အိမ်မှာ ပဲ နေရတယ်…များသောအားဖြင့် အိမ်ရှေ့ ကုတင်ပေါ်မှာပေါ့….
အမေ က အသုတ်စုံ သွားရောင်း၇င် အိမ်မှာ ဘဘ နဲ့ ထားခဲ့တယ်လေ..
အဖေ ကတော့ မရှိဘူးပြောတာပဲလေ…ကျွန်မလည်း..တစ်ခါမှ ထူးပြီး သတိမရမိပါဘူး…။
အဲ တစ်ခါတစ်လေတော့ အဖေ ရှိရင် ကျွန်မ ကို ဒီလို ထားမှာ မဟုတ်ဘူးလို့ မသေချာပဲ  ထိုင်တွေးနေတက်ပါတယ်..။
ကျွန်မ မှာ မွေးရာပါ နှလုံးရောဂါ ရှိနေတာကိုး…မတက်နိုင်ဘူးလေ..ကိုယ်ရွေးချယ်ခဲ့ တာမှ မဟုတ်တာ..ကံကို လည်း အပြစ်မတင်ချင်တော့ပါဘူး..။
ကျွန်မ တို့ အိမ်က အမေ အသုတ်ရောင်းလို့ ရတဲ့ ငွေနဲ့ လည်ပတ်နေရတော့ …ဆရာ၀န်တောင်းဆိုတာ ကို မလိုက်လျောနိုင်ဘူးလေ..။
တစ်ခါတစ်လေ..အမေ က ငိုယိုပြီး ကျွန်မ ကို တောင်းပန်တက်ပေမဲ့..ကျွန်မ အပြစ်မတင်ပါဘူး…
အမှန်တကယ်ဆို မိဘကို သားသမီးက ကူရမှာမလား…အခုတော့ ကျွန်မ ကပြောင်းပြန်လေ..လုပ်နိုင်တာလည်းး မရှိ…အလုပ်လုပ်မယ်ဆို တွေးရင်တောင်..မောနေတက်တာ…။
အမေကို မပင်ပန်းစေချင်ဘူးမောင်လေးကိုလည်း ကျောင်းပြီးတဲ့ အထိ ထားပေးချင်တာ…ကျွန်မတို့ အိမ်က ချို့ချို့တဲ့တဲ့မို့ မောင်လေး ကျောင်းပြီးအောင်မတက်နိုင်မှာ စိုးရိမ်တယ်..။
ဒါပေမဲ့ ဘေးအိမ်နဲ့ ယှဉ်ပြန်တော့ ကျွန်မ တို့က ချမ်းသာပါသေးတယ်..။
ဘေးအိမ်ကဆို ကလေးက အမြဲငို..မိန်းမကြီးက ဆဲလိုက် သူ့ယောင်္ကျားက ဆဲလိုက်နဲ့ နည်းနည်းမ စိတ်ချမ်းသာ စရာ မကောင်းဘူး..။
ကျွန်မ မှာလား..ရှိတာပေါ့ ရည်မှန်းချက်ကြီးတွေလေ..
ကျွန်မနေကောင်းသွားခဲ့ရင်..အလုပ်တွေလုပ် ပိုက်ဆံတွေရှာပြီး..ကကျွန်မလို ဝေဒနာခံစားနေရတဲ့ သူတွေ..အထူးသဖြင့် ချိုတဲ့ တဲ့ ကလေးတွေကို ကူညီချင်တယ်..။
ကျွန်မ က သီချင်းဆိုတာ ဝါသနာပါတော့ ကာဒါအိုကေ စက်တစ်လုံး၀ယ်ပြီး..သူတို့ ဆိုခိုင်းတဲ့ သီချင်းတွေကို ကျွန်မ အကုန်လုံး မနားတမ်းဆိုပြမှာပေါ့…အဲဒီအခါကျ ကျွန်မ ကနေကောင်းနေတော့ ဘယ်မောတော့ မလည်း..။
ဥိးကျော် ကြီးတို့ အိမ်မှာ ပြီးခဲ့တဲ့ တစ်နှစ်လောက်က ကာဒါအိုကေ သွားဆိုဖူးတယ်လေ…ကျွန်မ အသံကာင်းလွန်းလို့ ဆိုပြီး..ဝိုင်းဆု သီချင်းဆို ၃ခေါက်တောင် ပြန်ဆို ခိုင်းတယ်…။
ကျွန်မ ကလည်းနေကောင်းနေတုန်းကဆို အိမ်ပြန်ရောက်တာနဲ့ ဦးကျော်ကြီး အိမ်ပြေးပြီ..သီချင်းဆိုဖို့လေ…။
ကျွန်မ သာနေကောင်းနေရင် အခုလောက်ဆို အဆိုတော် ဖြစ်ရင် ဖြစ်နေမှာ…။
အခုတော့ ဦးကျော်ကြီး အိမ်မသွား၇တာလည်း တစ်နှစ်လောက်ရှီနေပြီ..။
လူတစ်ယောက်က နေမကောင်းတာ သိပြီး မကုပဲ ထားရင် ရက် ၂၀၀ ပဲ ခံတယ်တဲ့..
ဟားဟား…ကျွန်မ ဆို ၂နှစ်ပြည့်တော့ မယ်..အခုထိ..မိုးလင်း၇င်..မျက်လုံးပွင့်လာတုန်း…။
ဒါကလည်း..အစွဲအလမ်း တစ်ခုကြောင့် နေ့တိုင်းနိုးထ လာတာဖြစ်မယ်…။
တစ်ခါကဆို..ညကတည်းက သတိလစ်သွားတာ..မနက် ၈နာရီ ခွဲတာနဲ့ သတိပြန်လည်လာတာ…၉နာရီ ကျတော့ အကောင်းဖြစ်သွားရော..။
ကျွန်မ နိုးလာတော့ အမေက ကျွန်မ သေပြီ ထင်ပြီး ငိုနေတာလေ..အော်ကြီးဟစ်ကျယ်…။
ကျွန်မဖြင့် အဲနေ့က ရှက်လိုက်တာ မပြောပါနဲ့…။
အမေကိုမှာထားရတယ်.”အမေရယ်..ကျွန်မ သေရင်..အဲလိုကြီး အော်မငိုပါနဲ့..”
“ဟဲ့ ကောင်မရဲ့ ..သမီးသေတာ..မငိုတော့ ငါပါ  သတိလစ်ပြီးသေရမှာလားပြောတဲ့..မသိဘူးလေ..ငိုရင်လည်း တိုးတိုးငိုပေါ့နော်..အခုတော့ လမ်းသွားလမ်းလာတွေ ကြည့်သွားရင် ရှက်စရာ..အထူးသဖြင့် ကိုကို တွေ့ သွားရင် သွားပြီလေ..။
ကိုကို ဆိုတာ ကျွန်မ ကိုကို မဟုတ်ပါဘူး..
ကျွန်မ တိတ်တိတ်လေး ခိုးခိုးချစ်နေရတဲ့သူပါ..။
သူကို..မျက်နှာချင်းဆိုင်တောင် မမြင်ဖူးလို့..သူမျက်နှာ ဘယ်လိုလည်း ကျွန်မ မသိပါဘူး..မျက်နှာကိုမတွေ့ရလည်း..အဆင်ပြေပါတယ်..။
ဘေးတိုက် အနေအထား…ကို ကျွန်မ အလွှတ်ရနေပြီလေ..။
သူက နေ့တိုင်း ၉နာရီ ကနေ ၉နာရီ ခွဲ ကြားမှာ ကျွန်မတို့ အိမ်ရှေ့က ဖြတ်သွားနေကျလေ..ညနေ ၄ နာရီ ကျရင် အိမ်ရှေ့က ဖြတ်သွားပြန်တယ်..။
သူက ရှပ်အဖြူနဲ့ ပုဆိုးပဲ အမြဲ၀တ်တာ.. တစ်ခါတစ်လေ..ထမင်းချိုင့်ပါပြီး..တစ်ခါတစ်လေ..အိတ်တစ်လုံးပါတက်တယ်..။
ဆံပင်ကတော့..ဘေးခွဲလား အလယ်ခွဲလား ကျွန်မ မသိပါဘူး..ကျွန်မက ကုတင်ပေါ်ကနေ ဘေးတိုက်ပဲ လှမ်းမြင်ရတာကိုး…
တစ်ခါတစ်လေတော့ မိန်းကလေး တစ်ယောက်နဲက လက်တွဲပြီး သွားတယ်..ကောင်မလေးကို ကိုကို က ထီးဆောင်းပေးတယ်လေ..ကိုကိုက အဲ ကောင်မလေးကို တအားချစ်တဲ့ပုံပါပဲ..သူတစ်ယောက်တည်းဆို ဘယ်တော့မှ ထီးမဆောင်းဘူးလေ..ကောင်မလေးလက်ကိုင်ရတဲ့နေ့ဆို ချိုင့်ကောဆွဲခြင်းကော ကိုင်ပြီး ထီးလည်း တစ်ဖက်ဆောင်းပေးသေးတာ..။
ကျွန်မ မနာလိုလည်း မဖြစ်သလို စိတ်မကောင်းလည်း မဖြစ်ပါဘူး..။
ကိုကို ကို မြင်နေ့ခွင့်လေးက ကျွန်မအတွက် ရှင်သန်ခြင်း ခွန်အားတွေပေးနေတာပါ..။
ကိုကို ကို စွဲလမ်းမှုက ကျွန်မ အတွက် မနက်ဖြန်တွေ ဖန်ဆင်းပေးနေတာလေ…ကျေးဇူးတင်ပါတယ် ကိုကို..။
ကျွန်မ တနင်္ဂနွေ မသေချင်ပါစေနဲ့လို့ အမြဲဆုတောင်းမိတယ်..
ကိုကို သွားတာ ဒါမှမဟုတ်ပြန်တာလေး မြင်ပြီးမှ သေချင်တာလေ..။
တစ်ခါတစ်လေ..အမောဖောက်လာလို့ ပင်ပန်းလာရင်တောင် အားတင်းပြီး ကိုကို ကို တွေ့ရတော့မယ်လို့တွေးလိုက်ရင်..ဝေဒနာက တဖြည်းဖြည်းပေါ့လာတက်တယ်…။
ဘဘ ကတော့ သေခါနီး စွဲလမ်းရင် မကျွတ်မလွှတ်ဖြစ်တက်တယ်တဲ့..။
ကျွန်မ ရဲ့ စွဲလမ်းမှုကအသက်ရှင်နေချိန်လေး အတွက်ပါပဲ..
ကျွန်မ သေသွားရင် လိပ်ပြာလေး တစ်ကောင် ဒါမှ မဟုတ် ငှက်ကလေး…၊လေပြည်လေညှင်း၊ ပန်းလေးတစ်ပွင့် ဖြစ်ဖြစ်…ဖြစ်သွားချင်တာ…။
ကျွန်မက အဝေးဆုံးကို ခရီးနှင်နိုင်ပြီး..ကျွန်မ ဖြတ်သွားတဲ့့နေရာတိုင်း လူတိုင်းက ကြည့်ပြီး..ကြည်နူးရင်းပြုံးကြမှာလေ…။
အဲဒီအခါကျ ကျွန်မ က ကိုကို ကိုလည်း မသိတော့ဘူး.အမေကိုလည်း မသိတဲ့သူအဖြစ်..အသစ်တဖြန်..ဖြစ်လာမှာပါ…။
ကိုကို ကို ချစ်လွန်းလို့ မကျွတ်လွှတ်တာ လူ၀င်စားတာတွေ မဖြစ်ချင်ပါဘူး..ဝိညာဉ် ထွက်သွားတာနဲ့ ကိုကိုကို တစ်ခါတည်းမေ့ပစ်မှာ..
ကျွန်မ..ဆိုလို့ ကျွန်မက အမျိုးသမီးကြီး တစ်ယောက်မဟုတ်ပါဘူး..ကျွန်မ သူငယ်ချင်းတွေက အခုဆို ၈တန်း စာမေးပွဲ အတွက် အရမ်း စာကြိုးစားနေကြတာလေ…။
ကျွန်မ ကတော့ ၆တန်းကတည်းက နှလုံးရောဂါ ကြောင့် ကျောင်းထွက်လိုက်ရတယ်..။
ကျွန်မ မှာ သူငယ်ချင်းလည်း မရှိတော့ဘူး..အိမ်မှာနေရတဲ့ နှစ်နှစ် အတွင်း ကိုကို ပဲ ကျွန်မ ကို အဖော် လုပ်ပေးနေတာလေ..။
အမောဖောက်လာရင် ဘဘ က လာပြီး ဆေးတိုက်တယ်..ပြီးရင် ကျွန်မ တစ်ယောက်တည်း ကုတင်ပေါ်ကနေ ကိုကို ကို မျှော်နေတာ..ကျွန်မရဲ့နေ့စဉ် တာ၀န် တစ်ခုပေါ့….။
ကိုကို ဖြတ်သွားပြီးမှ အိပ်ချင်ရင် အိပ် အမောဖောက်ချင်ဖောက်တာ…ညနေလည်း..ကိုကို ပြန်သွားမှ…ကျွန်မရဲ့ ရောဂါက ထတာလေ..တစ်တစ်ခါခါ တကမ္ဘာလုံးမှာ ရှုစရာလေ မရှိတော့ သလိုမျိုး..အနေရအရမ်းခက်တာ…။
ကျွန်မလေ..ကိုကိုနဲ့ တူတူ နေရဖို့ ဘယ်တော့မှ မဆုတောင်းပေမဲ့…ကျွန်မလို ရောဂါမျိုး ဘယ်သူမှ မဖြစ်ပါစေနဲ့ လို့ အမြဲ ဆုတောင်းတယ်…။
ကျွန်မ သာ နေပြန်ကောင်းသွားရင် ကျွန်မလို ဖြစ်နေတဲ့ လူတွေဆီ သွားပြီးအားပေးမိမှာ…အို စာမေးပွဲ ရှုံးပါစေ…အဲဒီလို ဖြစ်နေတဲ့ သူငယ်ချင်းဆီသွားပြီး..သူ့ကို ကျောင်းက အကြောင်းတွေ..ဆရာမ ဆူတဲ့ အကြောင်း..စာမရရင် ဒဏ်ပေးခံရတဲ့ အကြောင်း..အတန်းက ကောင်လေးတွေ ဆိုးတဲ့ အကြောင်းတွေပါ ပြောပြမှာ…ဘာလို့လည်းဆိုတော့ အခုလို ကျွန်မ နေမကောင်းတဲ့ အချိန်မှာ..ဘယ်သူမှ စကားလာမပြောတော့ အရမ်းအထီးကျန်တာ…တစ်ခါတစ်လေ..အင်္ဂလိပ် မိဘတွေမျိုးလိုချင်တယ်..သူတို့တွေက နေမကောင်းတဲ့ လူကို စကားပြောသလို စာတောင် ဖတ်ပြလိုက်သေးတယ်..။
အိမ်မှာတော့ မောင်လေးက ကျောင်းဆင်းလို့ အနားပြေးလာရင်တောင် စကားမပြောရသေးဘူး..သွား..နင့် အစ်မနေကောင်းတာ မဟုတ်ဘူး..စကားပြောရင် အမောက ဖောက်လာအုံးမယ်..တိတ်တိတ် နေ နင့် အစ်မ အိပ်နေတယ် တစ်ညလုံးကောင်းကာင်း မအိပ်ရဘူး..အနားမသွားနဲ့ .နင့် အစ်မ…….။
ကျွန်မ ကလူပိုကြီး ဖြစ်လို့ သေမဲ့နေ့ကို ထိုင်စောင့် ရတာက လွဲလို့ တခြားလုပ်စရာမရှိ..။
ကျွန်မ မှာ တစ်နေ့တာတွေ မရှိပေမဲ့..ကျွန်မ တခြားလူတွေရဲ့ တစ်နေ့တာ ကို နားထောင်ချင်မိတာပါ..။
အမေက တစ်ခါတစ်လေ tv ဖွင့်ပြတယ်..ကျွန်မ မသိတဲ့ လူတွေ အကြောင်း ကျွန်မ မသိချင်ပါဘူး…ကျွန်မ အနားက လူတွေ နေ့ဘယ်လို တွေ ဖြတ်သန်းနေလည်း ကျွန်မ က သိချင်တာ..။
အဲတော့ ကိုကို ကိုပဲ အဖော်လုပ်ထားတယ်..ကိုကို ဘယ်ကို သွားတာလည်း အလုပ် တစ်ခုခု ဖြစ်မှာပေါ့..ကိုကို ဘာလုပ်လည်း..၀န်ထမ်းဖြစ်မှာပေါ့..အဲလိုလေးတွေ တွေးပြီး…ကိုကို ကို ချစ်နေတာလေ…။
ကိုကို လာမဲ့ အချိန်မို့ ကျွန်မ အိပ်ချင်တာတောင် မအိပ်နိုင်သေးပဲ ခုစောင့်နေတာလေ…
ဟော..ပြောနေရင်း..ကိုကို ဖြတ်သွားပြီလေ…တစ်နေကုန်စောင့်ရတာ ပင်ပန်းပေမဲ့..ကိုကို ကို တွေ့လိုက်ရလို့ တာ၀န်ကျေပြီ…အခုတော့ တဝြကီး အိပ်လို့ရပြီလေ…။
….
“ဟဲ့ ..ဟို အိမ်က ကလေးမ ည တုန်းက ဆုံးသွားပြီလေ…”
“ဟုတ်လား..သနားပါတယ်ဟယ်..ကလေး..ရှိသေးတာ…”
“သူ့ အမေလည်း ၀ဋ်ကျွတ်သွားတာပေါ့အေ..”
“အေး..မယ်မြလည်း..အဲဒီ ကလေးကြောင့် ကုန်လိုက်တာ…မွေးကတည်းက လေ…”
“မိမွှေး ခမျာလည်း…ဝေဒနာ ခံလိုက်ရတာ..အခုတော့ ကျွတ်သွားပြီလေ..”
“အေးလေ..ဘယ်ဘ၀က ၀ဋ်ကြွေးလည်း မသိဘူး..မွေးရာပါ နှလုံးရောဂါပါလာတာ..”
“ကဲ..ချက်ပြုတ်ပြီးရင်..ငါသွားလိုက်အုံးမယ် နင်လည်း လိုက်မယ်မလား..”
“အေး..နင်သွားရင် ၀င်ခေါ်လေ..”
.
“မောင်…ဘာလို့ အလုပ်လာတာ နောက်ကျနေတာလည်း..မ က မလာတော့ ဘူးတောင် ထင်တာ..”
“လာနေကျ လမ်းက နာရေးအိမ်ဖြတ်ရမှာမို့…နောက် တစ်လမ်းက ပြန်ပတ်နေတာနဲ့ ကြာသွားတာ…မနက်စောစောစီးစီး တကယ် စိတ်ရှုပ်တယ်…”
.
.
.

နေမကောင်းဖြစ်ခွင့်ပြုပါ…စိတ်မကောင်းတော့ ဖြစ်ခွင့်မပြုပါနဲ့…။
လူနာ ဆိုတာ…လူသေ မဟုတ်ပါ…။

SpicaLin

ဝတ္ထုတိုများWhere stories live. Discover now