Part - 25 : Write About Us

Comincia dall'inizio
                                    

>>>>>Schmaltz <<<<<

Vincent မူးကာအိပ်ပျော်နေသည့် တစ်ယောက်သူကို သူ့ပခုံးပေါ်တွင် မှေးစက်စေပြီး သူ့အတွေးနှင့်သူ ငြိမ်သက်နေဖြစ်သည်။ သူတို့ခေတ်တုန်းကလို လှည်းတတန် မြင်းတတန်ဖြင့် သွားနေစရာမလိုချေ။ Bus ဟူသည့် အများသုံးယာဉ်ဖြင့် သွားလိုကသွားနိုင်ပြီး ငွေကြေးသုံးနိုင်လျှင် Taxi လို အငှားယာဉ်များ သက်တောင့်သက်သာ သုံးနိုင်သည်။

လျှပ်စစ်မီးများရှိသဖြင့် အမှောင်ဟူသည်ကိုလည်း စိုးရိမ်စရာမလို အလင်းဓာတ်သည် ညအချိန်တွင်ပင် ရှိနေနိုင်ပြီး အစားအသောက်ဟူသည်လည်း ပူပင်စရာမရှိ။ ညအချိန်ပြင်ပတွင် ထွက်လည်လျှင်တောင် မည်သည့်အန္တရာယ်မှ ကြုံတွေ့စရာအကြောင်းမရှိ။

တောကောင်တို့သည် မြို့ပြတွင် မနေဟု နီစွေးသူ့ကိုပြောဖူးသည်။ သူသာ ကြည့်လိုလျှင် တောကောင်တို့ရှိရာသို့ လိုက်ပြမည်ဟု ဆိုသေးသည်။ သို့သော် အမြဲတမ်း ကွန်ပျူတာရှေ့မျက်နှာအပ်နေရသည့် နီစွေးသည် တောကောင်တို့ကို လိုက်ပြရန် အားလပ်ပုံမရ။ ထို့အတွက် သူ့လေ့လာအားထုတ်မှုအရ တိရိစ္ဆာန်ရုံဟူသည်ကို အင်တာနက်တွင် သူ သိရှိလာရသည်။ တောကောင်တို့သည် တိရိစ္ဆာန်ရုံတို့တွင်ရှိသည်။

နီစွေးအလုပ်သည် သူတို့ကိုဖန်တီးခြင်း၊ အာရုံစူးစိုက်နေသည့် နီစွေးကို အိမ်အလုပ်များလုပ်ပေးရင်း ထိုင်ကြည့်နေရသည်ကို သူ တဖြေးဖြေး အကျင့်ဖြစ်စပြုနေပြီ။ နီစွေး၏ ကောင်းသည့်အကျင့်၊ ဆိုးသည့်အကျင့်တို့ကို သူ အသားလည်း ကျစပြုနေလေပြီ။

ပခုံးထက်တွင်တင်ထားသည့် ခေါင်းသည် ကားရွေ့လျားမှုကြောင့် သူသာ မထိန်းလျှင် လိမ့်ကျသာလာတော့မည်မို့ Vincent ပြန်ထိန်းပြီး ကားပြတင်းအပြင်ကိုကြည့်၏။ သူ ပြန်သွားရမည့်ကိစ္စ။ နီစွေးသည် Blockage ဖြစ်သည်ဟု စာလည်းမရေးဖြစ်တော့ သူ့ကို ပြန်ပို့နိုင်မည့် နည်းလမ်းတို့ကို အားနေသီအိုရီထုတ်နေတော့သည်။ စာရေးစရာမရှိ၍ပဲ ထိုအရာတို့ကို လုပ်နေသည်လား စာပြန်ရေးနိုင်အောင်လို့ပဲ သူ့ကိုပြန်ပို့ချင်နေတာလား။ သူ ဘယ်အရာကို ယုံရမလဲမသိ။

Schmaltz [Own Creation]Dove le storie prendono vita. Scoprilo ora