'ပတ္တမြား မှန်ရင် နွံမနစ်' ပေမဲ့ မာကျောလှပါရဲ့ဆိုတဲ့ သံတောင် ပုံစံခွက်ထဲရောက်သွားရင် အသွင်အမျိုးမျိုး ပြောင်းနိုင်သေးတာပဲ ..။
စိန် လည်း ဘာထူးလဲ ..၊ ကိုယ်လိုရင် လိုသလို ဖြတ်တောက်ပြီး ရယူပုံသွင်းနိုင်တဲ့ အရာတခုလို၊ ခပ်ညံ့ညံ့ အမျိုးအစားထဲတော့ မဟုတ်ပေမဲ့ အချိန်တန်ရင် တန်ဖိုးရှိလှပါရဲ့ ဆိုတာလေးတောင် ပျက်စီးရတာပဲလေ ..။
မတည်မြဲတဲ့ လောကသံသရာကြီးမှာ ဖြစ်တည်လာတဲ့ စိတ်ဆန္ဒတွေ၊ တရားသလို မတရားသလို နဲ့ ဘဝကို ဆုံးဖြတ်တတ်တဲ့ မာန်မာနတွေ၊ စိတ်အလျဉ်ကိုပဲ အတည်မှတ်၊ တဇောက်ကန်းပြုမှုခြင်းတွေ ရှိနေလေသမျှ chaos continent တစ်ခုအဖြစ် ဆက်လက်ဖြစ်တည်နေမှာပင်။
တချို့ကျတော့ ကောင်းမှုကုသိုလ် လုပ်တယ်၊ တချို့က မကောင်းမှု ဒုစရိုက်တွေ၊ ကိုယ်စိတ်ထင်ရာ မြင်ရာကိုပဲလုပ် ကောင်းတာ မကောင်းတာ မစဉ်းစားတတ်တာတွေက များပြားစွာ တည်ရှိနေသည်။
'သမုဒ္ဒရာ ဝမ်းတထွာ' ဘဝနွမ်းပါးမှုကို အခြေပြု၊ အလိုလိုက် အမိုက်စော်ကား တာတွေရော၊ 'သားရေနားအိပ် သားရေနားစား'။
အို ... ရှုပ်ထွေးပွေလီလှတဲ့ လောကကြီးနှယ် ...။
ဒီလို စိတ်ပျက်ဖွယ် လောကကြီးထဲ ပျော်ရွှင်မှုအတိ အခြေပြု "အချစ်" ဆိုတဲ့အရာ၊ ပွန်းပဲ့မခံနိုင်တဲ့ နူးညံ့တဲ့ ဖြစ်တည်မှုတစ်ခု ...။
ကျွန်တော် ပြောပါရစေ၊ အချစ်ဆိုတာ ရယူခြင်း မဟုတ်ဘူး၊ ပေးဆပ်ခြင်း တဲ့ ....၊ ကျနော် ကြည့်ချင်ပါသေးရဲ့၊ ခါးသီးတဲ့ လောကဓံ ကြားထဲ ဘယ်အထိများ သူတော်ကောင်း ယောင်ဆောင်နိုင်ကြဦးမှာလဲ ဆိုတာ။
နှလုံးသွေး ပွင့်ထွက်ရုံမက ချစ်တယ် ဆိုတာ ဒဏ္ဍာရီထဲမှာ၊ အို ... ရှင်းရှင်းပြောရယင် ရှိချင်မှလည်း ရှိမှာ။ ပြီးပြည့်စုံတဲ့ အချစ်တစ်ခု ဆိုတာကို ကျနော် မသိဘူး။ လူတယောက်ရဲ့ ဖြစ်တည်မှုကို လက်ခံနိုင်ရင်၊ ကောင်းတာဆိုးတာ မှန်သမျှ လက်ခံနိုင်ရင်၊ အားနည်းချက် မှန်သမျှ လက်ခံနားလည်ပေးနိုင်ရင်၊ ........ စသဖြင့်ပေါ့လေ၊ အဲ့ဒါ အချစ်တဲ့။
ဪ ကျွန်တော် မချစ်တတ်သေးပါလား။
ရှိန်းထွဋ်
_____________________________________
ယုံကြည်မှု?
လောကကြီးရဲ့ ဖြစ်ပျက်နေတာတွေကို တွေးပူပြီး နေ့စဉ်နဲ့အမျှ ပူလောင်မှုတွေ ခံစားနေကြရတယ်။ တကယ်တမ်း ရင်ဆိုင်ကြဖို့ရော??
အဆိုးဆုံး အခြေအနေတစ်ရပ်ကို ကျနော် စဉ်းစားတယ်၊ ဘယ်အလုပ်ကို မဆို ဖြစ်လာနိုင်တဲ့ ကောင်ကျိုး၊ဆိုးကျိုး နှစ်ဖက်စလုံးကို အတိုင်းအတာ တစ်ခုအထိ အဆုံးစွန် ကြိုတွေးတယ်။
'သေရင်မြေကြီး ရှင်ရင်ရွှေထီး' လို့ သဘောထားပြီး မိုက်မိုက်ကန်းကန်း ပြုမူတာထက်တော့ တစ်ခုယုတ်တစ်ရာ လောက်တန်ပါတယ်လေ။
ဒါပေမဲ့ မတူ ကွဲပြားခြားနားတဲ့ ကိစ္စတစ်ရပ်မှာတော့ ကျနော် မှားယွင်းစွာ ပြုမူခဲ့မိတယ်။ ရှင်းရှင်းပြောရယင် ကျနော် ဟာ အတွေ့အကြုံမရှိတဲ့ စစ်သူကြီး အငယ်စားလေး တစ်ယောက်လို တိုက်ပွဲတစ်ခုမှာ သေရေးရှင်ရေး ကြိုးစား ရုန်းကန်နေရသည်အလား ..။
သေချာပါတယ်။ ကျနော် တကယ် naive ဖြစ်လွန်းတယ် ဆိုတာ။ ကျနော်မှ မဟုတ်ပါဘူး၊ ဒီကမ္ဘာကြီးပေါ်မှာ ရှင်သန်နေထိုင်ကြတဲ့ လူတိုင်း တချိန်ချိန်တော့ ကြုံဖူးလာကြမှာပါ။
ငယ်လေး
_____________________________________
