မိုးဖွဲရဲ့အိပ်မက်

1.9K 67 15
                                    

ဒီနေ့
မိုးတွေရွာနေတယ်။
သည်းကြီးမဲကြီးရွာနေတာမျိုးမဟုတ်ဘဲ အေးအေးဆေးဆေးနဲ့ ခပ်ဖွဲဖွဲလေးကျနေတာမျိုး။
ဒါပေမယ့် သိလား... ဒီလိုခပ်ဆွေးဆွေးမိုးဖွဲမျိုးဟာ ကျွန်တော့်အတွက် ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းစေသလဲဆိုတာလေ..။
မနေ့က ရုတ်တရက်ပဲရွာချတော့မလို အတင်းအုံ့ဆိုင်းနေခဲ့တဲ့ မိုးသားပြင်မဲမဲကြီးဟာ မနေ့ညကအထိ လုံးဝရွာမချဘဲရှိနေကတည်းက ဒီလိုဖြစ်မယ်မှန်း ကျွန်တော်ရိပ်မိခဲ့သင့်တာ။ ထုံးစံအတိုင်း ဒီနေ့တော့ ဒီပျင်းစရာမိုးဖွဲဆွေးဆွေးတွေဟာ နေရောင်ခြည်ရေးရေးတောင်မမြင်ရတဲ့ မီးခိုးရောင်အုံ့ဆိုင်းမိုးသားပြင်နဲ့အတူ တနေကုန် စိတ်ပျက်စရာကောင်းလောက်အောင် ရွာချနေဦးမှာ။ မိုးရေစိုမှာကို လုံးဝမကြိုက်တဲ့ကျွန်တော် စိတ်ပျက်လက်ပျက်နဲ့ပဲ အနီးနားမှာရှိနေတဲ့ ကော်ဖီဆိုင်တစ်ခုထဲ ဝင်ဖို့ဆုံးဖြတ်လိုက်တယ်။
ဒီနေ့တစ်နေကုန်တော့ ဒီမိုးဖွဲတွေ စဲသွားမှာမဟုတ်ဘူးဆိုတဲ့အသိကို လျစ်လျူရှုရင်း..
တစ်ဖက်မှာလည်း မိုးတိတ်သွားစေဖို့ကို မသိစိတ်က ကြိတ်ဆုတောင်းရင်းနဲ့ပေါ့။

ကော်ဖီဆိုတာကို ဘယ်တုန်းကမှ အရသာခံပြီးမသောက်ဖြစ်တဲ့ ကျွန်တော့်အတွက် ကော်ဖီဆိုင်ဆိုတာဟာလည်း တရင်းတနှီးရှိမနေခဲ့ဘူး။ ဆိုင်ထဲဝင်ဝင်ချင်း ရလိုက်တဲ့ကော်ဖီအနံ့ဟာ အပြင်ဘက်က ပျင်းရိဖွယ်ရာသီဥတုနဲ့ ပေါင်းစပ်လိုက်မိလို့လားတော့မသိ.. မူးဝေမှုတစ်ခုက ခေါင်းထဲကို ဖျက်ကနဲ ရောက်လာလိုက်သေးတယ်။ ဆိုင်ထဲမှာ customer ဆိုလို့
စာအုပ်ဖတ်နေတဲ့ ဦးလေးကြီးတစ်ယောက်ရယ်၊ စုံတွဲတစ်တွဲရယ် ပဲရှိတယ်။ westlife အဖွဲ့ရဲ့ nothing's gonna change my love for you သီချင်းက ခပ်တိုးတိုးပျံ့လွင့်နေတယ်။ စားပွဲခုံအလွတ်တွေအများကြီးထဲကမှ ဘယ်ခုံမှာထိုင်ရင်ကောင်းမလဲကို တံခါးဝမှာ ကျွန်တော် ရပ်ပြီးစဉ်းစားနေတာ တော်တော်ကြာသွားပုံရတယ်။ waiter ကောင်လေးတစ်ယောက်က အလိုက်တသိနဲ့ပဲ နေရာအတွက်အကြံဉာဏ်လည်းပေးသလို ကော်ဖီနဲ့မရင်းနှီးတဲ့ ကျွန်တော့်ပုံစံကိုအကဲဖြတ်ပြီး ကျွန်တော်နဲ့လိုက်ဖက်မယ့် ကော်ဖီကိုပါ တစ်ခါတည်း ရွေးပေးသွားခဲ့တယ်။ service သိပ်ကောင်းတဲ့ ဒီကော်ဖီဆိုင်အတွက် ကြယ်တစ်ပွင့်ကို ကျွန်တော်ရင်ထဲကနေ တိတ်တိတ်လေးပေးခဲ့တယ်။

မိုးဖွဲရဲ့အိပ်မက် (Completed)Where stories live. Discover now