စွန့်လွှတ်ခြင်း အနုပညာ (Zawgyi)

13.7K 797 37
                                    

သော့မခတ်ထားသော သံပန်း တံခါးကို တွန်းဖွင့်သံကြောင့် မင်းခန့်စောင်ကို တင်းတင်းဆုပ်ထားလိုက်မိသည်။
တစ်ယောက်ယောက်ကများ မင်းခန့်ကို ဘာလို့ထမကြည့်တာလဲ ဟုများမေးခဲ့ရင်တော့ ကြောက်လို့ ဟု ဖြေပါလိမ့်မည်...

ဟုတ်ပါတယ်... ကြောက်ပါသည်... ဒီတံခါးကို တွန်းဖွင့်လိုက်တဲ့သူသည် အစ်ကို မဟုတ်မှာကို ကြောက်ပါသည်.... ဒီည ဒါမှမဟုတ် နောက်ညများမှာ အစ်ကို ဒီသံပန်းတံခါးကို တွန်းဖွင့်ပြီး ဝင်မလာမှာကို တော့ မင်းခန့် ကြောက်လှပါသည်...

ကားသော့ကို စားပွဲခုံပေါ် ပစ်ချလိုက်သော အသံကို ကြားမိတော့မှ သက်ပြင်းချလိုက်နိုင်သည်။ အဲ့ဒါ အစ်ကိုပဲ... ကားသော့ကို ချိတ်မှာ မချိတ်ပဲ တွေ့တဲ့နေရာ စည်းမရှိကမ်းမရှိ ချမည်။ ပြန်ရင်သော့ပျောက်လို့ လိုက်ရှာရတာ အမော..

မင်းခန့်မမှားဘူးဆိုရင်တော့ဖြင့် ယခု ရှပ်တိုက်လျှောက်သွားနေသော အစ်ကို့ခြေလှမ်းများသည် ရေခဲသေတ္တာဆီဖြစ်၏။ ရေဘူးကို မော့သောက်ပြီးရင် ရေဘူးအဖုံး ဒါမှမဟုတ် ရေဘူး လွတ်ကျပေဦးလိမ့်မည်။  လက်တွေ က ဘာကိုမှ မြဲမြဲ ကိုင်တာမဟုတ်.. ဘာကိုင်ကိုင် တစ်ခေါက်လောက်တော့ လွတ်ကျ လိုက်ရမှ။

ဆက်တိုက်ဆိုသလို ထွက်ပေါ် လာသော ဂလုံးဂွမ်း အသံကြောင့် မင်းခန့်ပြုံးမိသည်။  သေချာတယ် ဒါရေဘူး ပြုတ်ကျတာနေမှာ။

ပြီးရင်တော့ နောက်တစ်ကြိမ် ရှပ်တိုက်လျှောက်သော ခြေလှမ်းများသည် မင်းခန့် အခန်းဆီ ဦးတည်လာပါလိမ့်မည်။
မင်းခန့်ကို ဖက်ပြီး ခဏ ငြိမ်နေမည်.. ပြီးရင်တော့ တစ်ကိုယ်လုံးကို နမ်းပြီး ထဖို့ သူနဲ့အတူ ထမင်းစားဖို့ ကဂျီကဂျောင်ကျလိမ့်မည်။

မင်းခန့် သည် မျက်နှာကို ခေါင်းအုံးနှင့်ဖိပြီး ကျချင်ချင်ဖြစ်လာသော မျက်ရည်များကို တိတ်စေလိုက်သည်။
ဒီလိုအချိန်လေးတွေ ဘယ်လောက်များ ခံဦးမှာလဲ။ မင်းခန့်တစ်ယောက် အစ်ကို့ဘေးမှာ နေခွင့်လေး ဘယ်လောက်များ ရဦးမှာလဲ။
" အစောကြီးရှိသေးတာကို အိပ်ပြီလား"

နောက်မှ လှမ်းဖက်လိုက်သည့် အတွေ့နှင့် အစ်ကို့ အသံကြောင့် မင်းခန့် အတွေးထဲမှ နိုးထသွားသည်။
"အိပ်ပါဘူး။ ဒီနေ့နည်းနည်း ပင်ပန်းလို့ လှဲနေတာ"
မင်းခန့်က ပြန်ပြောရင်း ကိုယ်ကိုလှည့်လိုက်ကာ အစ်ကို့ ရင်ခွင်ထဲ တိုးဝင်လိုက်သည်။ နှာခေါင်းထဲဝင်လာတာက ရင်းနှီးပြီးသား အစ်ကို့ ကိုယ်သင်းနံ့လေး။ မင်းခန့် အားရပါးရရှူရှိုက်လိုက်မိသည်။ နောက်တစ်ကြိမ်ဆိုတာ မသေချာတော့ဘူးလေ။ ဒီနေ့ဟာ နောက်ဆုံးများဖြစ်နေမလား။ ဒါကိုတော့ အစ်ကိုပဲ သိပါလိမ့်မည်။

စွန့်လွှတ်ခြင်း အနုပညာ (စွန့်လွှတ်ခြင်း အနုပညာ)Where stories live. Discover now