When the Full Moon Rises Ep (1)

44 11 0
                                        

"လပြည့်နေ့တွေမှာ နေဝင်ခါနီးဆို ရွာအနောက်ဘက်က တောထဲကို ဘယ်သူမှ မဝင်ရဘူး!"

ထျန်းသုလို့ခေါ်တဲ့ တောရွာလေးမှာ လူတွေကြား ပြောစမှတ်ရှိကြတဲ့ ဂမ္ဘီရဆန်ဆန် ပုံပြင်တစ်ပုဒ် ရှိလေသည်။

ရွာငယ်လေးမှ လူကြီးသူမများသည် ကလေးလူငယ်များကို ထိုပုံပြင်အား ပုံပြင်သဖွယ် ပြန်လည်ပြောပြရင်း..

"လပြည့်နေ့တွေမှာ နေဝင်ခါနီးဆို ရွာအနောက်ဘက်က တောထဲကို ဘယ်သူမှ မဝင်ရဘူး!"

ဟူ၍ အမြဲတမ်း သတိပေးလေ့ရှိကြသည်။

အကြောင်းမှာ လပြည့်ညများတွင် တောအတွင်း၌ ဂူကြီးတစ်ခု ပေါ်လာတတ်သည် ဟု ဆိုကြသောကြောင့်ပင်။

ထိုဂူအတွင်းသို့ ဝင်မိသွားသူများသည် ဘာကို ကြုံတွေ့ခဲ့ရသည်ကို မည်သူမျှ မသိရဘဲ အရူးလုံးလုံး ဖြစ်သွားကြသည်ဟု ဆိုကြသည်။ အချို့မှာမူ ပြန်လည်ထွက်လာခြင်းပင် မရှိတော့ဘဲ အစအနမရှိ ပျောက်ဆုံးသွားကြသည်ဟုလည်း ပြောကြသည်။

ထိုကြောင့် ထျန်းသုရွာသူရွာသားများသည် လပြည့်ညရောက်တိုင်း ရွာနောက်ဘက်ရှိ တောထဲသို့ ခြေဦးပင် မလှည့်ရဲကြပေ။

သို့သော် လူတိုင်းက ထိုပုံပြင်ကို ယုံကြည်ကြသည်တော့ မဟုတ်ပေ။

.........

"ငါတော့ အဲ့ဒီလူကြီးတွေပြောတဲ့ မရဏဂူလား ဘာဂူဆိုလား ရှိတယ်ဆိုတာ မယုံပါဘူးကွာ။"

"ချင်းဖန်း မင်းယုံမှရမယ်ဟ။ အဲ့ဒီအဖြစ်အပျက်တွေက ငါ့အဖေရဲ့အဖေ... ငါ့အဖိုးကိုယ်တိုင် တွေ့ကြုံခဲ့ရတာကွ။"

"လောင်ရှန်းရာ... မင်းကိုယ်တိုင် မြင်ခဲ့ရတာမှ မဟုတ်တာ။ အကုန်လုံးက လူကြီးတွေ ပုံကြီးချဲ့ပြီး ပုံပြင်လုပ်ပြောနေတာကြီးပဲ။ ငါကတော့ လက်တွေ့သမား။ လက်တွေ့မြင်ရမှ ယုံမှာ။"

ချင်းဖန်းက ခပ်ဟဟရယ်လိုက်သည်။

"မနက်ဖြန် လပြည့်နေ့။ ငါကိုယ်တိုင် သွားပြီး အဲ့ဒီယုံတမ်းပုံပြင်တွေ ဖြစ်ကြောင်း သက်သေပြမယ်။ ဟား!"

"ဟျောင့်! မင်းမရူးစမ်းပါနဲ့။ အေးဆေးနေစမ်းပါကွာ။"

"ဘာကို ရူးရမှာလဲကွ? ငါက အမှန်တရားကို သိချင်ရုံပဲ။ အေးဆေးဟျောင့်... ငါ့ကိုယုံလိုက်။ မနက်ဖြန် လပြည့်နေ့၊ နေဝင်ခါနီးချိန်မှာ ငါတောထဲကို ဝင်မယ်။ မင်းရော လိုက်ဦးမလား၊ လောင်ရှန်း?"

When the Full Moon RisesStories to obsess over. Discover now