⏧
အရက်နံ့ ခပ်ဖျော့ဖျော့သည် ဧည့်ခန်းထဲတွင် နေရာယူထားပြီး ထိုညခင်းဟာ တိတ်ဆိတ်လွန်းနေခဲ့သည်။ ဧည့်ခန်းထဲတွင် ခပ်ဝါဝါ မီးရောင်တစ်ခုသာ ရှိနေပြီး အိမ်တစ်အိမ်လုံးမှာ အမှောင်ရိပ်များဖြင့် ဖုံးလွှမ်းထားသယောင်ပင်။
တိတ်ဆိတ်လွန်းသည့် အခန်းထဲတွင် နံရံပေါ်မှ နာရီလက်တံရဲ့ အချိန်မှန်မှန်ရွေ့လျားနေသည့် အသံတစ်ခုတည်းကပင် တိတ်ဆိတ်မှုကို ပိုပြီးအသက်သွင်းပေးနေသည့်အလား။
Martin သည် ဆိုဖာတစ်ဖက်တွင် ငြိမ်သက်စွာ ထိုင်နေရင်း လေပူတွေကိုမှုတ်ထုတ်လိုက်မိသည်။ လက်ထဲရှိ ဖန်ခွက်ကို တစ်ချက်ယိမ်းလိုက်တိုင်း လှုပ်ယမ်းသွားသည့် ထိုအရည်တို့ကိုသာ မျက်နှာသေဖြင့်စိုက်ကြည့်နေမိသည်။
သူ ဘယ်အချိန်ထဲကစပြီး သောက်တတ်လာမှန်း Martin ကိုယ်တိုင်ပင် မမှတ်မိတော့ချေ။
ပျော်လို့လည်း မဟုတ်၊ ဝမ်းနည်းလို့လည်း မဟုတ်၊ ဒီအတိုင်း.. တစ်ခါတစ်ရံ ရင်ထဲမှာ ဖိနှိပ်ထားရတဲ့ စကားလုံးတွေကို ခဏတာ မေ့ထားချင်ရုံသာ..
ဝင်ရောက်လာတဲ့ အတွေးတွေကို အဆုံးသတ်စေလိုငြား ဖန်ခွက်ထဲမှာ ကျန်နေသေးတဲ့ အရည်တွေကို နှုတ်ခမ်းနားတေ့ကာ တစ်ကျိုက်ထဲ မော့ချလိုက်ပစ်လိုက်တော့သည်။
ထိုအချိန် ကြားလိုက်ရတဲ့ အပေါ်ထပ်မှ ခြေသံတိုးတိုးကြောင့် Martinရဲ့ မျက်လုံးတွေဟာ လှေကားထစ်တွေစီကို ရောက်သွားခဲ့သည်။
အကို..။
Martin လက်ထဲကဖန်ခွက်ကို စားပွဲပေါ် အသာချလိုက်သည်။ အကို့ခြေလှမ်းတွေက ထုံးစံအတိုင်း တည်ငြိမ်လွန်းသည်။
နှဖူးပေါ် တစ်စတစ်စကျနေတဲ့ ရွှေရောင် ဆံပင်တွေပေါ်ကို ဝါကျင်ကျင် မီးရောင်တွေက ဖြာကျနေပြီး မျက်နှာတစ်ဝက်က အရိပ်ထဲနစ်ဝင်နေတာမို့ သေချာမမြင်ရတာတောင် Martinအကြည့်မခွါနိုင်ခဲ့ပေ။
ဧည့်ခန်းထဲတွင် ထိုင်နေသော သူ့ကို မြင်သွားသည့်အခါ Jamesရဲ့ ခြေလှမ်းတွေက အနည်းငယ် တန့်သွားသည်။ ထို့နောက် စားပွဲပေါ်က ဖန်ခွက်ဆီကို အကြည့်ရောက်သွားတဲ့အခါမှာတော့ James ရဲ့ မျက်ခုံးတန်းတန်းလေးတွေဟာလည်း အသာစုကျုံ့သွားရတော့သည်။
