Part 1

304 34 23
                                        

အပိုင်း (၁): နယ်စပ်က သွေးစွန်းသော နှင်းတော စစ်ပွဲ

မြောက်ပိုင်း နယ်စပ် တောင်တန်းကြီးများ၏ ရာသီဥတုကား မည်သည့် သက်ရှိသတ္တဝါကိုမျှ ညှာတာ ထောက်ထားခြင်း မရှိပေ။ အေးစိမ့်လွန်းလှသော လေပြင်းများသည် အဆုံးမရှိသော တောင်ကြားလမ်းအတိုင်း အဆက်မပြတ် တိုးဝှေ့ တိုက်ခတ်နေပြီး ထိုလေသံများမှာ နက်မှောင်သော ငရဲခန်းမှ နတ်ဆိုးများ အော်ဟစ် ငိုကြွေးနေသကဲ့သို့ ပဲ့တင်သံထပ်နေသည်။ လေထု၏ အေးစက်မှုကြောင့် လူတို့၏ ဝင်သက်ထွက်သက်တိုင်းသည် ဖြူဖွေးသော အငွေ့တန်းများအဖြစ် ချက်ချင်း ပြောင်းလဲသွားကြပြီး အဆက်မပြတ် ကျဆင်းနေသည့် နှင်းများက ပတ်ဝန်းကျင် တစ်ခုလုံး၏ မြင်ကွင်းကို ဝေဝါး ပျောက်ကွယ်နေစေ၏။

သို့သော် ထို ကြမ်းတမ်းလှသော မုန်တိုင်း၏ အေးစက်မှုထက် ပိုမို ကြောက်မက်ဖွယ် ကောင်းသည်မှာ မြေပြင်တစ်ခုလုံး တုန်လှုပ်မတတ် ထွက်ပေါ်နေသည့် စစ်ပွဲ၏ သံစဉ်များပင် ဖြစ်သည်။ မြင်းခွာသံများ ဒုန်းဒုန်းခေါက်သံ၊ လေးညှို့မှ ပစ်လွှတ်လိုက်သော မြှားတိုများ လေကို ထိုးခွဲသွားသံ၊ သံချပ်ကာ ဝတ်စုံချင်း ရိုက်ခတ်သံများနှင့်အတူ ဓါး၊ လှံ၊ ဒိုင်း အစရှိသည့် လက်နက်ဆန်းများနှင့်အသက်လု တိုက်ခိုက်နေကြသည့် အသံများက တောင်ခြေတစ်ခုလုံးကို လွှမ်းမိုးထားသည်။

"သတ်ကြစမ်း! မြောက်ပိုင်းတပ်ကို အလွတ်မပေးနဲ့! ဗိုလ်ချုပ် တင်းယွီရှီရဲ့ ခေါင်းကို ဖြတ်နိုင်တဲ့သူကို ရာထူးတိုးပေးမယ်!"

ရန်သူ့တပ်ဖွဲ့များ၏ ရူးသွပ်စွာ ဟိန်းဟောက်သံများနှင့်အတူ အမှောင်ထုထဲတွင် ဓါးရောင်များ ပင်လက်ခနဲ လက်သွားသည်။ သို့သော် ထို ရန်သူ့ စစ်သည် သောင်းပေါင်းများစွာ၏ တဟုန်ထိုး ပြေးဝင်လာမှု အလယ်တွင် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားစွာ မားမားမတ်မတ် ရပ်တည်နေသူတစ်ဦး ရှိ၏။

သူကား တရုတ်ပြည်မကြီးတစ်ခုလုံး၏ စစ်တပ်များကို ဦးဆောင်ပြီး နယ်စပ်တစ်ခုလုံးကို တုန်လှုပ်စေသည့် ဗိုလ်ချုပ် တင်းယွီရှီ ပင် ဖြစ်သည်။

The Demon General's Sacred FoxStories to obsess over. Discover now