"ဝါး... အင့်... ဟင့်..."
တိတ်ဆိတ်နေတဲ့ ခြံကျယ်ကြီးထဲက အိမ်အပေါ်ထပ်အခန်းဆီမှ သုံးနှစ်အရွယ် သမီးငယ်လေး 'Aurora' ၏ ငိုသံလေးက ထွက်ပေါ်လာသည်။ ဘယ်လိုမှ ချော့မရဘဲ ဂျောက်ဂျက်ကျကာ ငိုနေတဲ့ သမီးလေးကြောင့် ဂျွန်ဧဒင် တစ်ယောက် သက်ပြင်းခပ်ဖွဖွချရင်း သမီးလေး အကြည့်ရောက်နေတဲ့နေရာဆီ လှမ်းကြည့်လိုက်မိသည်။
သမီးလေး လက်ညှိုးတထိုးထိုးဖြင့် ပူဆာနေသည်က... ဧဒင်၏ စာအုပ်စင် အပေါ်ဆုံးအထပ်မှာ သီးသန့် အမြတ်တနိုး သိမ်းဆည်းထားတဲ့ ဒိုင်ယာရီစာအုပ်အဟောင်းလေးတစ်အုပ်။
"သမီးလေးက ဒီစာအုပ်ကို လိုချင်လို့ ငိုနေတာလား... ဟုတ်လား အာရိုရာ"
ဧဒင်က အရပ်မြင့်မြင့်ဖြင့် စာအုပ်စင်အပေါ်ဆုံးက စာအုပ်လေးကို အသာအယာ လှမ်းယူလိုက်သည်။ ကာဗာအသားအညိုရောင်ဖြင့် ခပ်နွမ်းနွမ်း ဖြစ်နေပြီဖြစ်သော်လည်း သေသပ်စွာ အုပ်ကပ်ထားသည့် ထိုဒိုင်ယာရီစာအုပ်လေးက ဧဒင်အတွက်တော့ ကမ္ဘာပေါ်မှာ အဖိုးတန်ဆုံးအရာ ဖြစ်သည်။
ငိုယိုနေတဲ့ သမီးလေးရဲ့ လက်ကလေးထဲကို ထိုစာအုပ်လေး ခေတ္တထည့်ပေးလိုက်ရုံရှိသေး... ထူးဆန်းစွာပင် Aurora လေးက အငိုတိတ်သွားပြီး မျက်ရည်စက်လက်ဖြင့်ပင် စာအုပ်လေးကို ရင်ခွင်ထဲ ပိုက်ကာ ခဏချင်းမှာပဲ အိပ်ပျော်သွားတော့သည်။
သမီးလေးရဲ့ ဖြူစင်တဲ့ မျက်နှာလေးကို ကြည့်ရင်း ဧဒင် နှုတ်ခမ်းထောင့်စွန်းတွေ ကွေးညွတ်သွားရသည်။ သမီးလေးက သူ့ဖေဖေ အတိုင်းပဲ... အိပ်ပျော်သွားရင် အရမ်းအပြစ်ကင်းတာ။
ဧဒင်က အိပ်ပျော်သွားတဲ့ သမီးလေးရဲ့ လက်ထဲကနေ ဒိုင်ယာရီစာအုပ်လေးကို မနိုးအောင် အသာအယာ ပြန်နှုတ်ယူလိုက်သည်။ ပြီးနောက် ကုတင်ဘေးက စာဖတ်စားပွဲမှာ ဝင်ထိုင်ရင်း စာအုပ်မျက်နှာဖုံးလေးကို ခပ်ဖွဖွ ပွတ်သပ်မိသည်။
ထိုစာအုပ်ရဲ့ ပထမဆုံး စာမျက်နှာကို လှန်လိုက်ချိန်မှာတော့... ကာလအတန်ကြာ ဖုံးအုပ်ထားခဲ့တဲ့ အတိတ်ရဲ့ မှတ်ဉာဏ်တွေက ဝုန်းခနဲ ပြန်လည်နိုးထလာခဲ့ရသည်။
စာမျက်နှာရဲ့ အစမှာ ဧဒင်ကိုယ်တိုင် ရေးမှတ်ထားတဲ့ စာသားလေးတစ်ကြောင်း ရှိနေသည်လေ...။
'မိုးရွာတဲ့နေ့က ဒယ်ဂူမြို့မှာ ဧဒင် ပိုင်စိုးခွင့်ရခဲ့တဲ့... ကျွန်တော့်ရဲ့ ကမ္ဘာငယ်လေး'
ဧဒင်က စာအုပ်လေးကို ကိုင်ရင်း မျက်ဝန်းတွေကို အသာမှိတ်လိုက်သည်။ စာအုပ်ထဲက စာသားတွေကတစ်ဆင့်... ဧဒင်ရဲ့ စိတ်အစုံက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မိုးတွေ သည်းထန်နေခဲ့တဲ့ ဒယ်ဂူမြို့ကလေးဆီသို့ နောက်ကြောင်းပြန် လွင့်မျောသွားခဲ့လေတော့သည်။
[ ဟိုးအတိတ်များဆီသို့... ]
