ဘန်ကောက်မြို့ရဲ့ ခေတ်အမှီဆုံး ဆန်းသစ်မှုတွေ ရှိရာ IconSiam ထဲက Luxury Fashion Show ပွဲတစ်ခု။
Est က VIP အတန်းရဲ့ အလယ်ဗဟိုမှာ ပွဲထုတ်ထားတဲ့ ရတနာတစ်ပါးလို ထိုင်နေသည်။ ပြင်သစ်က တိုက်ရိုက်မှာယူထားတဲ့ Limited Edition Designer Suit ကို ဝတ်ဆင်ထားပြီး ခြေထောက်နှစ်ဖက်ကို အေးဆေးစွာ ချိတ်လို့ လက်ထဲက ရှန်ပိန်ခွက်ကို အသာအယာ လှည့်နေသည်။ သူ့အတွက်တော့ ဒီလိုပွဲတွေက အထူးအဆန်းမဟုတ်။ မျိုးရိုးလိုက်ပြီး ဘီလီယံနာဖြစ်ခဲ့တဲ့အတွက် အလုပ်လုပ်စရာမလို၊ ဘဝကို စာဖတ်လိုက်၊ ဖက်ရှင်အကြောင်း လေ့လာလိုက်၊ ရှော့ပင်းထွက်လိုက်ဖြင့်သာ ဇိမ်ခံအချိန်ကုန်စေသူမို့ မျက်ဝန်းတွေထဲမှာ ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့၊ ဘယ်သူ့ကိုမှ အထင်မကြီးတဲ့ မာနရိပ်တွေက အမြဲတမ်း လွှမ်းမိုးထားတတ်သည်။
"ဒီနေ့ ပြသတဲ့ Brand ရဲ့ ရှယ်ယာ ၇၀ ရာခိုင်နှုန်းကို တခြားသူ ဝယ်လိုက်တယ်လို့ ကြားတယ်..."
ဘေးကလူတွေ တီးတိုးပြောနေတဲ့ စကားကို Est ကြားသော်လည်း မျက်ခုံးတစ်ချက်သာ ပင့်ရုံမှတစ်ပါး စိတ်မဝင်စား။ ဘယ်သူပဲဝယ်ဝယ်၊ သူလိုချင်တဲ့ အင်္ကျီကို ပိုက်ဆံပုံပေးဝယ်လို့ရရင် ပြီးတာပဲမဟုတ်လား။
ထိုစဉ်... ပွဲခင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး Security တွေ ဝန်းရံလျက် ဝင်လာသူတစ်ဦးကြောင့် လူတိုင်းရဲ့ အကြည့်တွေက တံခါးဝဆီ ရောက်ကုန်ကြသည်။
William...
အသက် ၂၁ နှစ်သာ ရှိသေးသော်လည်း ဟိုတယ်၊ ကွန်ဒိုနှင့် Luxury Brand ပေါင်းများစွာကို ချုပ်ကိုင်ထားသည့် ဘီလီယံနာ Young CEO။ ကတ္တီပါရောင် Suit အနက်ကို စမတ်ကျကျ ဝတ်ဆင်ထားပြီး ဖြောင့်စင်းတဲ့ အရပ်အမောင်း၊ အေးစက်လွန်းတဲ့ မျက်နှာထားတို့က ဘေးနားကလူတွေကို ဖိအားတစ်ခုလို သက်ရောက်စေသည်။ သူ့မျက်ဝန်းတွေက အလုပ်အပေါ်မှာပဲ အာရုံရှိပြီး လာရောက် မျက်နှာလိုမျက်နှာရ လုပ်နေကြတဲ့ မိန်းမလှလေးတွေကိုလည်း တစ်ချက်ပင် လှည့်မကြည့်။
William က VIP ခုံတန်းဆီသို့ ဦးတည်လျှောက်လာရင်း... မတော်တဆ Est ၏ ခုံရှေ့က ဖြတ်အသွား။
