သူတို့နှစ်ယောက်ကြားက လျှို့ဝှက်ချက်တစ်ခုလို အမြဲနွေးထွေးနေခဲ့တဲ့ လေထုက အခုတော့ အပ်တစ်ချောင်း ကျရင်တောင် ကြားရလောက်အောင် အေးစက်တိတ်ဆိတ်လို့နေတယ်။
အန်ရှင်း နဲ့ ဆန်းဝန်း ကြားထဲမှာ ဘယ်သူမှဖွင့်မပြောရသေးပေမယ့် တစ်ယောက်ကိုတစ်ယောက် သဘောကျနေတဲ့ ခံစားချက်တွေက စင်ပေါ်မှာရော၊ စင်နောက်ကွယ်မှာပါ မသိမသာ စီးဆင်းနေခဲ့တာပါ။ ဆန်းဝန်းရဲ့ ဂရုစိုက်တတ်တဲ့ အကြည့်တွေက အမြဲတမ်း အန်ရှင်းဆီမှာပဲ လာရပ်တန့်လေ့ရှိသလို၊ အန်ရှင်းရဲ့ သွားလေးတွေပေါ်အောင် ရယ်မောသံတွေကလည်း ဆန်းဝန်းရှိတဲ့နေရာမှာပဲ အမြဲရှိနေခဲ့တာ။ ဒါပေမယ့် အဲဒီလှပတဲ့ ကမ္ဘာလေးက ဆိုရှယ်မီဒီယာပေါ်က စာသားအချို့ကြောင့် ရုတ်တရက်ဆိုသလို ပြိုလဲပျက်စီးသွားခဲ့ရတယ်။
ပြဿနာက အားလုံးသိကြတဲ့ ဆန်းဝန်းနဲ့ လီအို တို့ရဲ့ ၈ နှစ်တာ အရင်းနှီးဆုံး သံယောဇဉ် Friendship ကနေ စတာပဲ။ အလုပ်သင်ဘဝကတည်းက ဒုက္ခသုက္ခတွေကို အတူတူဖြတ်ကျော်လာခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို ဖန်တွေက အရမ်းတန်ဖိုးထားပြီး အားပေးကြတယ်။ ဒါပေမယ့် မကြာသေးခင်ကမှ ဆန်းဝန်းနဲ့ အန်ရှင်းရဲ့ နီးစပ်မှုကို သတိထားမိသွားတဲ့ အချို့သော ဖန်တွေက အွန်လိုင်းပေါ်မှာ မလိုလားအပ်တဲ့ စကားလုံးတွေနဲ့ ဝေဖန်တိုက်ခိုက်လာကြတော့တာပါပဲ။
"ဆန်းဝန်းနဲ့ လီအို ကြားထဲကို အန်ရှင်းက ကြားဖြတ်ဝင်လာတာလား?"
"၈ နှစ်တာ သူငယ်ချင်းသံယောဇဉ်ကို အန်ရှင်းကြောင့် ပျက်စီးသွားတာမျိုးတော့ မမြင်ချင်ဘူး။"
"အန်ရှင်းက ဆန်းဝန်းနဲ့ လီအိုကို မကွဲကွဲအောင် ကြားထဲက ဖြတ်နေတဲ့ ပုံစံမျိုး ဖြစ်နေတယ်..."
အဲဒီလို ရင်ဘတ်ကို ဓားနဲ့မွှန်းသလို နာကျင်စရာကောင်းတဲ့ စာတွေကို အန်ရှင်း တစ်ယောက်တည်း ဖုန်းမျက်နှာပြင်ကနေ တိတ်တဆိတ် ဖတ်မိသွားတဲ့အချိန်မှာတော့ သူ့ရဲ့ကမ္ဘာကြီးတစ်ခုလုံး လည်ပတ်မှု ရပ်တန့်သွားသလို ခံစားလိုက်ရတယ်။ သူဟာ ဘယ်သူ့ရဲ့ သံယောဇဉ်ကိုမှလည်း မဖျက်စီးချင်သလို၊ ဆန်းဝန်းအပေါ်ထားတဲ့ သူ့ရဲ့ ဖြုစင်တဲ့အချစ်တွေက သူတပါးရဲ့ အမြင်မှာ "ကြားဖြတ်လူ" တစ်ယောက်လို အဓိပ္ပာယ်ထွက်သွားတာကို သူ လုံးဝ အဖြစ်မခံနိုင်ပါဘူး။
