လေဆိပ်ရဲ့ဆူညံသံတွေက
ဂျောင်ဟန် ရဲ့ နားထဲမှာအဝေးကပဲ့တင်သံတွေလိုပဲ ခံစားရသည်။
သူ့လက်ထဲမှာဆုပ်ကိုင်ထားတဲ့လေယာဉ်လက်မှတ်က အီတလီ ၊ ဖလောရန့်စ်မြို့ဆီသို့။ အသက်၂၀ ပြည့်ပြီးတာနဲ့ သူပထမဆုံးလုပ်မိတဲ့အရာကတော့ ကိုရီးယားကနေ အဝေးဆုံးကိုထွက်ပြေးဖို့ကြိုးစားခြင်းပင်။ သူ့ရဲ့ကျောပိုးအိတ်လေးထဲမှာ အဝတ်အစားအချို့ရယ်၊ကင်မရာတစ်လုံးရယ်၊ ပြီးတော့ဘယ်သူ့ကိုမှမပြောပြချင်တဲ့အထီးကျန်မှုအချို့ရယ်ပဲ ပါလာခဲ့သည်။
"နောက်ဆုံးတော့... သွားရတော့မယ်ပေါ့"
သူ ခပ်တိုးတိုးရေရွတ်ရင်းလေယာဉ်ပေါ်ကို တက်လာခဲ့သည်။ သူထိုင်ရမယ့်နေရာက First Class။ ဒါကသူ့ဘဝမှာအဖေဖြစ်သူဆီက ရခဲ့တဲ့တစ်ခုတည်းသောတန်ဖိုးကြီး လက်ဆောင်ဖြစ်သလို၊ အိမ်ကနေထွက်မလာခင်နောက်ဆုံးရလိုက်တဲ့
'နှုတ်ဆက်ကြေး' လည်း ဖြစ်နိုင်သည်။
"အီတလီ... ဟူး အဲ့ဒီမှာတော့ ငါ လွတ်လပ်ခွင့်ရမှာပါ"
ဂျောင်ဟန်ရဲ့ ဖြူစင်တဲ့ မျက်နှာလေးပေါ်မှာ ပင်ပန်းနွမ်းနယ်နေတဲ့အပြုံးတစ်ခု။
First Class ရဲ့ တိတ်ဆိတ်အေးစက်တဲ့ လေထုထဲမှာ ဂျောင်ဟန်တစ်ယောက်တည်းဖြစ်နေသလို ခံစားရသည်။ သူ့အဖေက ကိုရီးယားရဲ့ ထိပ်တန်းနာမည်ကြီးနိုင်ငံရေးသမားတစ်ဦး။ ဒါပေမယ့်အိမ်တွင်းရေးကတော့
ငရဲခန်းတစ်ခုလိုပင်။ အပြင်ပန်းမှာတော့ ဂုဏ်သရေရှိတဲ့ မိသားစုတစ်ခုလို့
လူအများက ထင်မှတ်ကြပေမယ့်
ထိုအိမ်တော်ကြီးရဲ့ တံခါးချပ်တွေနောက်ကွယ်မှာတော့ ဂျောင်ဟန်အတွက် အသက်ရှူရတာ ခက်ခဲလွန်းလှသည်။
ဂျောင်ဟန် သူ့ရဲ့အင်္ကျီလက်ရှည်အောက်လက်ကောက်ဝတ်ပေါ်က အညိုအမည်းစွဲနေတဲ့ ဒဏ်ရာတွေကို မသိမသာ ဖုံးကွယ်လိုက်မိသည်။
အဖေဖြစ်သူရဲ့အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့် ဂျောင်ဟန်က အိမ်ကနေ ထွက်ပြေးလာခဲ့တာ။ ဒီ First Class လက်မှတ်က သူ့အဖေက သူ့ကို
'လူမသိသူမသိ ပျောက်ကွယ်သွားဖို့' ပေးလိုက်တဲ့ နှုတ်ပိတ်ခပဲ ဖြစ်လိမ့်မည်။
သူက လက်မှတ်ကိုတစ်ချက်ကြည့်လိုက်၊ ထိုင်ခုံကိုကြည့်လိုက်နှင့် အလုပ်ရှုပ်နေစဉ် မြင်ကွင်းထဲသို့ ထူးခြားသည့် လူအုပ်စုတစ်စု ဝင်ရောက်လာခဲ့သည်။
