ညဥ့်ဦးယံရဲ့ အအေးဓာတ်က အခန်းတွင်းကို
စိမ့်ဝင်နေပေမဲ့ Santa ကတော့ ဧည့်ခန်း ဆိုဖာအစွန်းမှာ ကျုံ့ကျုံ့လေး ထိုင်နေတုန်းပင်။
နံရံကပ်နာရီရဲ့ စက္ကန့်တံသွားသံ "တောက်..တောက်.." ဆိုတာက လွဲလို့ အိမ်လေးထဲမှာ ဘာအသံမှ မရှိ။
Santa ရဲ့ အကြည့်တွေက မှောင်ပိတ်နေတဲ့
တံခါးဆီမှာပဲ ရပ်တန့်နေမိသည်။
တကယ်တော့ မောင်က အရင်လိုပဲ။
အိမ်ပြန်ရောက်ရင် Santa နဖူးကို နမ်းတတ်တာ၊ "နေကောင်းရဲ့လား" လို့ မေးတတ်တာ၊ ပြီးတော့ Santa ချက်ထားတဲ့ ဟင်းတွေကို မြိန်မြိန်ယှက်ယှက် စားပြတတ်တာတွေက အရင်အတိုင်း မပြောင်းလဲသေးဘူးလို့ ထင်ရ ပေမဲ့... အဲ့ဒီ "အရင်အတိုင်း" ဆိုတဲ့ အပေါ်ယံလွှာအောက်မှာ Santa သတိထားမိတဲ့ အက်ကြောင်းလေးတွေက စတင်နေပြီ။
အရင်ကဆိုရင် အလုပ်ကပြန်လာတာနဲ့ မောင်က သူ့ရဲ့ တစ်နေ့တာလုံး အကြောင်းကို တစ်ခုမကျန် ပြောပြတတ်တာ။ ဘယ်သူနဲ့ စကားများခဲ့တယ်၊ ဘယ်သူကတော့ဖြင့် ရယ်ရတယ်ဆိုတာမျိုးတွေပေါ့။ အခုတော့ မောင့်ရဲ့ စကားလုံးတွေက ချွေတာလွန်းလာတယ်။ "အလုပ်က ဒီလိုပါပဲ" "ပင်ပန်းလို့ နားတော့မယ်" ဆိုတဲ့ စကားစုတွေနောက်မှာ
မောင်က တံတိုင်းတစ်ခုကို အလိုလို
ခြားထားသလိုမျိုး။
Santa သက်ပြင်းတိုးတိုးလေး ချလိုက်မိသည်။
မောင် အိပ်ပျော်သွားတဲ့ ညတွေမှာ မောင့်ဖုန်းလေးက စားပွဲပေါ်မှာ ခဏခဏ လင်းခနဲ ဖြစ်သွားတတ်တာကို Santa မြင်ဖူးသည်။ တစ်ခါက မတော်တဆ ကြည့်မိတော့ မြင်လိုက်ရတဲ့ နာမည်က မိန်းကလေးတစ်ယောက်ရဲ့ နာမည်။
"မနက်ဖြန်တွေ့မယ်နော်" ဆိုတဲ့ စာသားတိုလေးက Santa ရဲ့ ရင်ဘတ်ကို ဓားနဲ့ အချက်ပေါင်းများစွာ အမွှမ်းခံလိုက်ရသလို ခံစားလိုက်ရစေသည်။
အဆိုးဆုံးကတော့ မောင့်ရဲ့ အကြည့်တွေပဲ။
မောင်က သူ့ကို ကြည့်တဲ့အခါ အရင်လို
"အချစ်တွေ ပြည့်လျှံနေတဲ့ အကြည့်" မျိုးထက် "အားနာစိတ်တွေ ပါဝင်နေတဲ့ အကြည့်" မျိုး ဖြစ်နေတာကို Santa ရဲ့ နုနယ်တဲ့ စိတ်က ခံစားမိနေသည်။အဲ့ဒီ အားနာခြင်းဆိုတဲ့ အရာက အချစ်ထက် ပိုပြီး ကြောက်ဖို့ကောင်းမှန်း Santa အသိဆုံးပဲ။ သူတို့ကြားမှာ လက်ထပ်ဖို့ ကတိတွေ ရှိခဲ့ကြတယ်
မဟုတ်လား။ အဲ့ဒီကတိတွေကပဲ မောင့်ကို သူ့အနားမှာ ဝတ္တရားအရ ဆွဲထားနေတာလားဆိုတဲ့ အတွေးက Santa ကို အိပ်မပျော်နိုင်အောင် နှိပ်စက်နေခဲ့တာ လနဲ့ချီနေပြီ။
