"စာရွက်တရွက် မီးလောင်ပြီးတဲ့နောက်မှာ ပြာဆိုတဲ့ အမှုန်တွေအဖြစ်ပြောင်းလဲသွားတယ်။ စာရွက်တွေမှာ နောက်ဘဝဆိုတာမျိုး မရှိဘူး။ သူတို့က သက်မဲ့တွေလေ။'' လို့ ကျော်ဇင်က မင်းခန့်ကိုပြောတော့ သောက်လက်စ ဆေးလိပ်ကို တချက်ဖွာလိုက်ရင်း စိတ်ပျက်လက်ပျက်အကြည့်နဲ့ ကြည့်ရင်း ကျော်ဇင်ပြောတဲ့စကားကို ဆက်နားထောင်နေလိုက်တယ်။
"တကယ်လို့ သက်ရှိတွေ သေဆုံးသွားမယ်ဆိုရင်ရော နောက်ဘဝဆိုတာ ဖြစ်လာနိုင်လား။ သက်ရှိတွေရဲ့ သေဆုံးခြင်းက လူတွေရဲ့အယူအဆအရ နောက်ဘဝဆိုတာမျိုး ယုံကြည်ထားကြပေမယ့် တကယ်လို့များ နောက်ဘဝဆိုတာမရှိပဲ သေဆုံးခြင်းနောက်ကွယ်မှာ ဘာမှမရှိတော့ရင် ဆိုတာမျိုး တွေးကြည့်ဖူးလား။'' လို့ကျော်ဇင် ပြောရင်း လက်ထဲကခွက်အလွတ်ထဲကို ဘီယာအချို့လောင်းထည့်လိုက်တယ်။
"မင်း မူးနေပြီဆို ငါတို့ပြန်ကြစို့ကွာ ငါ့ဘာသာငါတောင်စိတ်ရှုပ်ရတဲ့ကြားထဲ မင်းဒဿနတွေဆက်နားမထောင်ချင်တော့ဘူး ကျော်ဇင်'' လို့ မင်းခန့်ကပြောရင်း သူ့ဆေးလိပ်တိုကို အောက်ပစ်ချပြီး နင်းချေပစ်လိုက်တယ်။
"မင်း လူဝင်စားဆိုတာကို ယုံလား မင်းခန့် ဟားးး မင်းယုံလား ဟဲ့ကောင် အေး မင်းကဘယ်နားလည်ပါ့မလဲ''
ဘီယာခွက်ကိုကိုင်ပြီး အော်ဟစ်နေတဲ့ ကျော်ဇင်ကိုကြည့်ပြီး မင်းခန့် တော်တော်ကို စိတ်ပျက်နေပါတယ်။ ဆိုင်ထဲကလူတွေကလည်း သူတို့နှယောက်ကို ငေးမော့နေရင်း ဆိုင်ဝန်ထမ်း ကလေးတွေကလည်း ဘေးကနေ စိတ်ပျက်နေတဲ့ပုံစံနဲ့ ကြည့်နေကြပါတယ်။ ကြာရင် ပြဿနာဖြစ်လာမှာစိတ်ပူတာနဲ့ ငွေအမြန်ရှင်းပြီး ကျော်ဇင့်ကိုဆွဲထူကာ ကားပေါ်တင်ခေါ်လာခဲ့လိုက်ပါတယ်။
ကားပေါ်ရောက်တော့ ကားစက်နှိုးဖို့ပြင်နေချိန်မှာ ကျော်ဇင့်ကိုတချက် ကြည့်လိုက်မိတယ်။
ကျော်ဇင့်မျက်နှာပေါ်မှာ ချွေးတွေတအားထွက်နေပြီး မျက်ရည်တချို့ ဝဲတက်နေတာတွေ့ရပါတယ်။ ''မင်းခန့် ငါမင်းကိုပြောစရာရှိတယ်''
စက်ခဏရပ်လိုက်ပြီး ကျော်ဇင်ပြောတာကို သူနားထောင်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။
"အေး ပြောလေ'' လို့ ပြောလိုက်တော့
" ငါ သူ့ကို တွေ့လိုက်တယ်'' လို့ပြောရင်း မျက်ရည်များ စီးကျလာတာကို တွေ့လိုက်ရတယ်။
ကျော်ဇင်ငိုရင်း အိပ်ပျော်သွားတော့ ကားစက်ကိုနှိုးပြီး အိမ်ပြန်ပို့ပေးလိုက်တယ်။ သူ့အိမ်ရောက်တော့ အိမ်သူအိမ်သားတွေကလည်း စိတ်ပျက်လက်ပျက်အကြည့်တွေနဲ့ ကျော်ဇင့်ကိုကြည့်နေကြတာမို့ မင်းခန့်ကပဲ အိပ်ခန်းထဲအထိ လိုက်ပို့ပေးလိုက်တယ်။ အိပ်ပျော်သွားတဲ့ ကျော်ဇင့်ကိုကြည့်ပြီး တချိန်က အကြောင်းအရာတွေကို ပြန်တွေးနေမိတယ်။
xxx
မင်းခန့်နဲ့ ကျော်ဇင်ဆိုတာ တကယ့်ညီအစ်ကိုအရင်းတွေလို တအားချစ်ကြတဲ့သူငယ်ချင်းတွေမို့ ကျော်ဇင့်ဘဝရဲ့ ပျော်စရာ၊ ဝမ်းနည်းစရာ အားလုံးကို မင်းခန့်ထက် ဘယ်သူမှ ပိုမသိပါဘူး။
ငယ်ငယ်က အသောက်အစားသိပ်ကင်းခဲ့တဲ့ ကျော်ဇင်ကို အခုလို အရက်သမားဘဝရောက်တဲ့အထိ ပြောင်းလဲစေခဲ့တဲ့အဖြစ်အပျက်တွေကိုလည်း မင်းခန့်ထက် ဘယ်သူမှ ပိုသိနိုင်မယ်မထင်ဘူး။
တကယ်လို့သာ အဲဒီအဖြစ်အပျက်ကြီး ကျော်ဇင့်ရှေ့မှာ မဖြစ်ပျက်ခဲ့ရင်...
တကယ်လို့များ ချစ်ကြသူတိုင်း အချစ်နဲ့မဝေးခဲ့ရရင်...
တကယ်လို့များ...
