........
"ဂျွန်း....မနက်ဖြန် ငါ ဓါတ်ပုံရိုက်ချင်တယ်"
ရိုးစင်လင်း တဖက်က Seen ဖြစ်သွားတဲ့ Acc နှင့် Typing ရိုက်နေဟန် လူးလွန့်လှုပ်ရှားနေတဲ့ အစက်လေးကို ကြည့်ရင်း ညစ်ကျယ်ကျယ်လေး ပြုံးမိသည်။
စက္ကန့်ပိုင်းပင် မကြာလိုက်။
ရ /ဘယ်အချိန် ဘယ်နေရာ ?
ဆိုတဲ့ စာကို ပြန်လာချိန်မှာတော့ လေထဲကို အသံတိတ် လက်သီးတချက်ဝိုက်ထိုးပြီး အိပ်ရာထက်ကို ပစ်လှဲလိုက်တော့သည်။
တဖက်က မျက်လုံးမှေးမှေးလေးထံမှာ၊စကားသံဝဲဝဲလေးထံမှာ မရိုးနိုင်စွာ အရည်ပျော်ကျရသူက သူ။များစွာသော နည်းလမ်းတွေကို သုံးပြီး ချဥ်းကပ်နေမိတာကလည်း သူ။ဒါပေမယ့် တဖက်က ကိုလူအေးမှာတော့ စင်လင်း စိတ်တိုင်းကျ လိုက်လုပ်ပေးရုံကလွဲလို့ ဘယ်လို Signal မှ မပြသေး။
သူ့စိတ်တိုင်းကျလိုက်လုပ်ပေးသည်ဆိုရာမှာလည်း ငယ်စဥ်ကတည်းက လုပ်နေကြဖြစ်စဥ်မလို့များ အရိုးစွဲနေသည့် အကျင့်ပဲလားလို့ ဝေခွဲမရတဲ့ အထိ တဖက်လူက တသွင်သွင်စီးဆင်းနေသည့် ရေချောင်းလေးတစ်ခုလိုပဲ ကြည်လင်လွန်းလှသည်။သန့်စင်လွန်းလှ၏။
သူကသာ အဲဒီရေကြည်ချောင်းလေးထဲကို လက်တဖက်ချကာ မွှေနှောက်ချင်နေသူ ဖြစ်နေခဲ့တာပင်။
*******
အသက်ရှစ်နှစ်အရွယ် ရိုးစင်လင်းလေးမှာ သူ့မျက်လုံးရှေ့က ညိုညိုတုတ်တုတ် အသက်လေးနှစ်အရွယ်ကလေးလေးကို စူးစမ်းသလိုလေး ကြည့်မိသည်။စွပ်ကျယ်လက်ပိုင်းအဖြူလေးက ဗိုက်နေရာမှာ လုံးတစ်နေကာ အရွယ်တော်ပုဆိုးအစိမ်းကွက်လေးကို ရင်ခေါင်းနားမှာ ကြက်ပေါင်ကွင်းဖြင့် ထုံးဝတ်ပေးထားခံရသည့် အနှီကလေးလေးကတော့ ရိုးစင်လင်းလေး လက်ထဲက မီးရထားစက်ခေါင်းရုပ်လေးကို စိတ်ဝင်စားလေဟန်။မှေးအစ်နေသည့် မျက်လုံးလေးတွေက အရောင်တွေ တဖျတ်ဖျတ်လက်လို့။
"မင်းနာမည် ဘယ်ရိုခေါ်ယဲ"
ရိုးစင်လင်းအမေးကို နားမလည်ဟန် သွားငုတ်တိုလေးတွေ ပေါ်အောင် ပါးစပ်ဖြဲပြီး မော့လို့သာကြည့်လာသည် မဖြေ။ဒါပေမယ့် ကလေးတွေ၏ ဘာသာဗေဒက ရိုးရှင်းသည်။
"ရိုးစင်လင်း....ငါ့နာမည်က ရိုးစင်လင်း"
"စင်း"
သူ့ကိုသူ မိတ်ဆက်ဖို့ အားသန်နေတဲ့ ရိုးစင်လင်းကို ပြန်ဖြေတာက တခွန်းတည်း။သူ့အပြောနဲ့ ပြန်လာတဲ့အဖြေက လွဲနေတော့ ရိုးစင်လင်းလေးက သိပ်မကြိုက်ချင်။
"ရိုးစင်လင်း....ပါချို ...ခေါ်ကြည့်"
"စင်း"
မှေးအစ်နေတဲ့ မျက်လုံးလေးတွေဖြင့် မော့ကြည့်ရင်း ကလေးပုတိုလေးက စတင်ခုန်ပေါက်ကာ အသံစူးစူးလေး ထွက်လာသည်။
"ဂျွန်း ကို ပေး ဂျွန်းကို ပေး"
"မင်းက ဒါရချင်တာလား... မင်းနာမည် က ဂျွန်းတဲ့လား "
"အွန်း ဟုတ်ရယ်...ငါ့နာမည်...ဂျွန်း.."
သည်ကစတင်ကာ ရိုးစင်လင်းကို သူများနဲ့မတူ စင်း လို့ ခေါ်တတ်သည့် ကောင်လေးနှင့် စတင်တွေ့ဆုံခဲ့ရတာ ဖြစ်လေသည်။
#Nelora
30.5.2025
