တုန်ရီချင်နေသည့် လက်ဖဝါးတွေကို အရှေ့ကလူမမြင်မိစေရန်လက်ဖဝါးအချင်းချင်းဆုပ်ကိုင်လျက် ပါးချိုင့်လေးတွေပေါ်သည်အထိပြုံးပြလိုက်တယ်။
မမြင်ရတာကြာပြီဖြစ်တဲ့မျက်နှာလှလှလေးကိုပြန်မြင်လိုက်ရတော့ သူ့အမြင်အာရုံတွေဝေဝါးလာသလိုလို။ကြည်ကြည်စင်စင်ပြုံးပြနေသည့်အပြုံးနုလေးတွေကြောင့် ဝဲဘက်ရင်အုံနေရာက အတိုင်းအဆမရှိလှိုက်ခုန်လာတယ်။
သူအများကြီးလွမ်းနေခဲ့ရတာပဲ။
"မလာတော့ဘူးထင်နေတာ"
"မလာစရာလားကွာ
ဘယ်သူမို့လို့လဲ
ငါ့ရဲ့တစ်ဦးတည်းသောလေးပဲကို.."
သူ့စကားကြောင့် ပုလဲလုံးညီညီလေးတွေပေါ်သည်အထိပြုံးသွားသည့် မျက်ဝန်းညိုတွေကိုငေးရင်း ဒီအခ်ိုက်အတန့်လေးက ဒီနေရာမှာပဲရပ်တန့်သွားသလို။
ဒီခံစားချက်လေး...
ကမ္ဘာကြီးကိုငေးကြည့်နေရသလိုခံစားချက်မျိုး...
နာနီဟီရမ်ကစ်က သူ့ရဲ့တစ်ဦးတည်းသောကမ္ဘာကြီးပင်။
"မင်းပြန်ရောက်တာမကြာသေးဘူးဆို"
"အင်း"
လနဲ့ချီသင်္ဘောတက်နေရသည့်စကိုင်းအတွက် နားချိန်ဆိုသည်ကခပ်ရှားရှားရယ်။အပြာရောင်ပင်လယ်ကြီးနဲ့သာ နေ့ညကုန်ဆုံးနေရသည့်သူ့ဘဝမှာ တွယ်တာစရာဆိုလို့ သူ့အရှေ့ကလူသားလေးတစ်ယောက်တည်းသာလျှင်။
"မင်း..သင်္ဘောလိုက်တယ်သာပြောတာ
ငါ့ထက်တောင်အသားတွေပိုဖွေးနေသေး"
အလိုမကျသလိုစူထော်လာသည့် ဘဲနှုတ်ခမ်းလေးကြောင့် စကိုင်းအသံထွက်သည်အထိ ရယ်မိသွားတယ်။သူ့နာနီကလေ အရင်ကအတိုင်း စိတ်ကောက်လွယ်တုန်း။
"ဒါကတော့ ငါ့ကုသိုလ်နဲ့ငါကိုး"
ကျေနပ်ပြုံးကြီးပြုံးကာ မျက်ခုံးပင့်ပြရင်းဆိုတော့ မျက်စောင်းလှလှလေးကို လက်ဆောင်ရလိုက်သည်မို့ သူပြုံးနေမိတာမရပ်နိုင်တော့။အမြဲတမ်း ဒီလိုပဲ။ငယ်ငယ်ကနေအခုထိ နာနီနဲ့ပတ်သက်လာလျှင် သူ့အတွက်သဘောကျစရာတွေချည်း။
