" လူတစ်ယောက်ရှိတယ် "
ဖြူစွတ်စွတ်မျက်နှာကျက်ကိုငေးရင်း ရေရေရွတ်ရွတ်ဆိုမိတော့ ဆေးထိုးအပ်ကိုင်ထားတဲ့ အမျိုးသမီးကြီးက သူ့ကို မျက်လုံးပင့်ကြည့်လာတယ်။ နောက်တော့ ဆက်ပြောဆိုတဲ့သဘောနဲ့ မေးဆတ်ပြရင်း ဆေးထိုးအပ်ကို လက်မောင်းထဲထိုးစိုက်လိုက်တော့ နာကျင်မှုက ဆစ်ခနဲ။
" တကယ်လို့ကျွန်တော်သာ ပူလောင်မှုရဲ့အရသာကို ခံစားကြည့်ချင်တယ်လို့ ပြောလိုက်ရင် ရူးနေလားလို့ပြန်ပြောမယ့်လူမဟုတ်ဘဲ ဒါဆိုငါတို့ အတူတူမီးထဲခုန်ချကြည့်မလားလို့ ပြောပေးမယ့်လူမျိုး "
ဆေးထိုးအပ်ထဲက အမျိုးအမည်မသိတဲ့ ဆေးရည်တွေ သူ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာတယ်လို့ ခံစားလိုက်ရပြီးတဲ့နောက်မှာ သူ့မျက်ခွံတွေက တဖြည်းဖြည်းမှေးစင်းလာခဲ့တယ်။ အာရုံကြောတွေရဲ့ အလုပ်လုပ်ဆောင်မှုတွေ တဖြည်းဖြည်းနှေးကွေးလာတဲ့ လက္ခဏာပဲ။ ဒါပေမယ့်လည်း သူဟာ စကားဆက်ပြောချင်နေခဲ့တုန်း။ စိတ်ဆန္ဒအရ လိုလိုချင်ချင် စကားပြောချင်နေခဲ့တာတော့ မဟုတ်ဘူး။ မဖြစ်မနေစကားပြောနေမှ ရမယ်ဆိုတဲ့ သူ့ရဲ့ကျန်ရှိနေသေးတဲ့ အသိစိတ်ကြောင့်။ သူစကားပြောတာသာ ရပ်လိုက်ရင် သူ့အာရုံကြောကြွက်သားတွေရဲ့ လုပ်ဆောင်ချက်တွေရပ်တန့်ကုန်ပြီး သူအိပ်ပျော်သွားတော့မှာ။ အဲ့တော့ သူနိုးနိုးကြားကြားဖြစ်နေဖို့အတွက် ပါးစပ်ကြွက်သားတွေကို အလုပ်ပေးပြီး စကားပြောနေဖို့လိုတယ်။ ဒါမှသူအိပ်မပျော်သွားမှာ။
သူ အိပ်ပျော်သွားလိုက်တိုင်း စောက်ကျိုးနည်းတဲ့ အိပ်မက်တွေ အမြဲတမ်းမက်တယ်။ အဲ့ဒီစောက်ကျိုးနည်းအိပ်မက်တွေက အစစ်အမှန်နဲ့တူနေလွန်းလို့ သူ့မှာ တကယ့်လက်တွေ့ဘဝလား ဒါမှမဟုတ်ဒီအတိုင်းပဲ အိပ်မက်သပ်သပ်လားဆိုတာတောင် ဝေခွဲလို့မရခဲ့ဘူး။ အဲ့လိုဝေခွဲမရဖြစ်ခြင်းက ဘာနဲ့သဏ္ဍာန်တူသလဲဆိုရင် အမှောင်ထုထဲကနေ ရုန်းထွက်လို့မရခဲ့ဘဲ အဖန်ဖန်တလဲလဲ နာကျင်ခြင်းမှာ နစ်မြှုပ်နေသလိုမျိုး။ နောက်ဆက်တွဲအနေနဲ့ ဘာဖြစ်သလဲဆိုရင်တော့ အဲ့ဒီဝဲဂယက်ထဲမှာပဲ သူ့ရဲ့စိတ်ဝိဉာဉ်က ပရုတ်လုံးလိုမျိုး လုံးပါးပါးလာလိမ့်မယ်လို့ ခံစားမိလာတာပဲ။ အသိစိတ်က အန္တရာယ်ကိုသတိပေးတဲ့ အရေးပေါ်ခေါင်းလောင်းကို သွားနှိပ်လိုက်သလိုပေါ့။
YOU ARE READING
Songs Of A Dying Flame
Fanfiction" အချစ်ဆိုတာ ပူလောင်တဲ့ခံစားချက်မျိုးလို့ သူများတွေပြောတာတော့ ကြားဖူးတယ်... ငါတို့ တစ်ခါလောက် စမ်းကြည့်ကြမလား? "
