ချက်ချင်းပဲ ပန်းခြံထဲမှာ ဂျောင်ဟန်တို့ လူစုလိုက်ကြသည်။ ထုံးစံအတိုင်း Devil Trio အဖွဲ့ဝင်သုံးယောက်နှင့် အပိုလူအင်အားအနေဖြင့် မင်ဂယူနှင့် ဆော့မင်ပါသည်။ ဆော့မင်ခမျာ ဒီနေ့မှ ဖျားတာကနေ သက်သာလို့ ကျောင်းပြန်လာတက်ပါတယ်ဆိုနေ မင်းသူငယ်ချင်းခံလိုက်ရတယ်..လိုက်ခဲ့စမ်းဆိုပြီး လမ်းမှာတင် စီနီယာချွဲဆီကနေ ဆွဲခေါ်ခံလာရရှာသည်။

"ဘယ်လိုဖြစ်ရတာလဲ။ မင်ဂယူရာ..."

ကြောက်တာကကြောက်တာတစ်ကြောင်း။ ဒါပေမဲ့ မင်ဂယူ့မျက်နှာကို တွေ့တော့ ဆော့မင်က ငိုသံပါကြီးဖြင့် မင်ဂယူကိုဖက်ပြီး အော်သည်။ မလှမ်းမကမ်းမှာ ထိုင်နေတဲ့ ဟုန်းဂျီဆူးမျက်နှာက လငပုပ်ဖမ်းနေတာထက် အခြေအနေဆိုးနေတာ သူမသိ။

"အဲ့ကောင်တွေပုံစံမှတ်မိလား။"

"အပေါ်က ယူနီဖောင်းအနက်တွေ ဝတ်ထားတယ်။ မီးခိုးရောင်ဘောင်းဘီနဲ့။"

စီနီယာချွဲမေးသမျှကို မင်ဂယူက တည်တည်ငြိမ်ငြိမ်နှင့်ပင်ပြန်ဖြေသည်။ တကယ်တမ်း သုံးယောက်တစ်ယောက်မို့သာ မင်ဂယူခံလိုက်ရတာပါ။ တစ်ယောက်ချင်းဆို အေးဆေးနိုင်တာပေါ့။ ခုတော့ ယွန်းဂျောင်ဟန်ပါသိသွားပြီဆိုတော့ ဒီကိစ္စက တော်ရုံအနေအထားနဲ့ပြီးတော့မှာ မဟုတ်တော့။

"အဲ့တာ ဟိုဘက်ယောကျ်ားလေးကျောင်းကကောင်တွေမဟုတ်လား။"

ဟုန်းဂျီဆူးက ထိုင်နေရင်း ဆွန်းချောကို လှမ်းမေးလိုက်လေသည်။ ဆွန်းချောသည် ဟုတ်တယ်ဆိုတဲ့ သဘောနှင့် ခေါင်းတစ်ချက်ညိတ်ပြသည်။

"အဲ့ဘက်ကျောင်းကဆိုရင်တော့ သိပ်အခြေအနေမဟန်ဘူးထင်တယ်နော်။"

"ဟေ့ကောင်..ဟုန်းဂျီဆူး ။ အဲ့ဘက်ကျောင်းသော ဒီဘက်ကျောင်းသော နားမလည်ဘူး။ ငါတို့ကျောင်းကလူကို ထိတာငါတို့ကိုထိလိုက်တာပဲ။"

ပွဲမဖြစ်ရတာကြာတာမို့ အင်မတန်သွေးကြွနေတဲ့ ဆွန်းချောဟာ ဂျီဆူးစကားကိုနားမဝင်။ တကယ်တမ်း ကျောင်းလူမိုက်လောကမှာလည်း ကိုယ့်အကန့်သူ့အကန့် ခွဲထားပြီးသား။ ဆွန်းချောတို့ကျောင်းက လူကို ဆွန်းချောတို့ ဘာလုပ်လုပ် တခြားကျောင်းကလူမိုက်တွေကတော့ လာထိစရာမလိုဘူး။ သူတို့လာထိလိုက်တဲ့သူကလည်း တခြားမဟုတ်။ ယွန်းဂျောင်ဟန်ရဲ့ တစ်ဦးတည်းသောနှလုံးသည်းပွတ်လေး။ ရည်းစားတော်ထားရတာ နှစ်ပတ်တောင်မကြာသေးတဲ့ ဘဲအသစ်စက်စက်လေး။ ဒါ Devil Trio အဖွဲ့ရဲ့ နားရွက်ဖျားကို တံတွေးတက်စွတ်လိုက်တာနဲ့ တူတူပဲ။

100_Days of being in loveWhere stories live. Discover now