"ကိုကိုနဲ့ ကျွန်တော့်အတွက် နှစ်ယောက်စာ"

"ငါက သရေစာတွေ မစားတတ်ဘူး .. ငါ့အတွက် ကော်ဖီပဲ ယူမယ်"

"ဒါဆိုလည်း ကျွန်တော်အကုန်စားမှာပေါ့"

လွမ်းနွေဟာ ကျန်ကျောင်းအိတ်ကြီးကိုင်ပြီး မုန့်တွေရွေးယူနေသည့် အန်ဒရီ့နားကိုသွားပြီး တိုးတိုးတိတ်တိတ်ပြောရပြန်၏။

"အန်ဒရီ .. အန်ဒရီက အဲ့လိုအများကြီးယူလိုက်ရင် တခြားကလေးတွေက ဘယ်လိုဝယ်စားကြမလဲ .. ငါတို့ရပ်ကွက်ထဲမှာက ဒီတစ်ဆိုင်လေးပဲရှိတာ သင်္ကြန်အတွင်းဆို မုန့်တွေကဝယ်မရဘူးလေ .. ဟုတ်လား"

နားလည်အောင်ပြောပြပြန်တော့လည်း ခေါင်းလေးတညိတ်ညိတ်နဲ့ နားထောင်၏။

"ဒါဆို ပြန်ထားလိုက်တော့မယ်"

လိုသလောက်လေးယူကာ ပိုက်ဆံထုတ်ရှင်းဖို့ပြင်နေသည့် အန်ဒရီကို မနည်းတားလိုက်ပြီး သူပဲ ရှင်းပေးလိုက်သည်။ လွမ်းနွေအတွက် ကော်ဖီ ဆယ်ထုပ်ကိုလည်း မပါမဖြစ် ယူနေသေး၏။

အန်ဒရီ့ရဲ့ စိတ်ကလေးဟာ တစ်ဇွတ်ထိုးဆန်ပေမယ့် နူးညံ့နေမှန်း လွမ်းနွေ တဖြည်းဖြည်း သဘောပေါက်လာရတော့သည်။

- - - -

"ကိုကို ဘယ်သွားမလို့လဲ" နှင့် "ကျွန်တော်လည်း လိုက်ချင်တယ်" ဆိုတဲ့ အတွဲဆက်ကလေးဟာ နေ့စဉ်နေ့တိုင်းလိုလို ကြားနေကျစကားတွေဖြစ်၏။

လွမ်းနွေဟာ ထိုကောင်လေးကို တစ်အိမ်ထဲနေရင်း မျက်စိရှေ့မှအပျောက်ခံလို့မရ ဖြစ်နေတော့သည်။
အခုလည်း ခြံထဲ လွမ်းနွေ စက်ဘီးထုတ်နေသည့်နားသို့ လိုက်လာကာ ..

"ကိုကို .."

" လိုက်လို့မရဘူး ဒီနားလေးသွားမှာ .. ပြီးတော့ ငါက စက်ဘီးကို နှစ်ယောက် မစီးတတ်ဘူး"

လွမ်းနွေက အန်ဒရီ့ရဲ့ စကားတောင်မဆုံးသေးဖြတ်ပြောလိုက်တော့သည်။ အမှန်တကယ်ကို လမ်းထိပ်လေးတင် သွားမလို့လေ။ အဲ့လိုပြောပြန်တော့လည်း မျက်နှာငယ်လေးဖြစ်သွားပြန်၏။ ဒီကောင်လေးကတော့လေ ..

တကယ်တော့လွမ်းနွေက စက်ဘီးတင်နင်းဖို့အတွက် ယုံကြည်ချက်မရှိတာဖြစ်သည်။ သူ အလွန်ဆုံး စက်ဘီးပေါ် တင်ခေါ်ဖြစ်တာဆိုလို့ လမ်းထိပ်က ကလေးတွေ အရွယ်အစားလောက်သာဖြစ်တဲ့အတွက် အန်ဒရီ့ကို သူမတင်နင်းနိုင်လောက်ဟု ထင်၏။

လွမ်းရခက်တဲ့ နွေရက်ကလေးရေ ...Hikayelerin yaşadığı yer. Şimdi keşfedin