"လဝက်နဲ့တင် သူမက ဟွမ်ကွေ့ဖေး (တော်ဝင်ကိုယ်လုပ်တော်) ဖြစ်သွားပြီး အနောက်နန်းဆောင်ကို အုပ်ချုပ်နေပြီ၊ မင်း ယုံနိုင်ရဲ့လား"

ယဲ့ကျန်းကျန်း ဘာမှပြန်မပြောဘဲ မျက်လုံးသာ မှိတ်လိုက်တယ်။ ပိုင်ကျန်းချန်က မသင်္ကာစရာဖြစ်နေတဲ့အခြေအနေမှာ သူ့သမီးကလည်း ပြဿနာ တစ်ခုပဲ။ သူမ သူ့စိတ်နေသဘောထားကို ကောင်းကောင်းနားလည်တယ်၊ ကျီဝူကျိုး စိတ်နဲ့ဆို သေချာပေါက် ပုန်ကန်မှုနဲ့ ဆက်စပ်နေတဲ့ ပိုင်ရှန်းရူကို သတိနဲ့ ဆက်ဆံမှာပဲ။ တကယ်လို့ ကျီလီယို့ ပြောတာ အမှန်ဆိုရင်လည်း သေချာပေါက် သူ အဲ့လိုလုပ်ရတဲ့အကြောင်းအရင်း ရှိလိမ့်မယ်။ ဒါ့အပြင် ပိုင်ရှန်းရူက မျိုးရိုးသိပ်မမြင့်တဲ့အပြင် ရှက်စရာ အတိတ်လည်း ရှိခဲ့တယ်၊ နောက်ပြီး ရှုပ်ထွေးပွေလီတဲ့ လျောင်တုန်းလို နေရာမျိုးမှာ နှစ်အတော်ကြာ နေထိုင်ခဲ့တာလည်း ရှိသေးတယ်။ ဒီလိုနောက်ခံသမိုင်းနဲ့ သူမက ဒီလောက်မြန်မြန် ရာထူးတက်သွားတာ မဖြစ်နိုင်ဘူး။

"မင်း ဘာတွေးနေလဲ ကိုယ် သိတယ်" ကျီလီယို့က သူမ အတွေးကို ဖြတ်ရင်း ပြောလာတယ်။ "သူမက အစက ကိုယ့်ဘက်ကလူဆိုရင်တောင် အခုကျ ကိုယ့်ကို အဆက်အသွယ်ဖြတ်ပြီး ဒီနေရာမှာ တစ်ယောက်တည်း ပစ်ထားခဲ့တာလား?"

"ဘာလို့ဆို ရှင်က ရုပ်ဆိုးလို့လေ"

ကျီလီယို့က ဒေါသမထွက်ခဲ့ဘူး၊ အဲ့အစား ရယ်မောရင်း

"ဘာကြောင့်လဲဆိုတာ မင်း သိပြီးသားပါ"

အမှန်ပဲ၊ အကြောင်းအရင်းက သိသာနေတာပဲဟာ။ ဒီမိန်းမက သစ္စာမရှိဘူး။ သေချာတာပေါ့ အခု သူမ ကျီလီယို့ကို စွန့်ပစ်ပြီး သာတဲ့ဘက်ကို အညံ့ခံသွားပြီ။ ဒါပေမဲ့ အဲ့လို ဘက်ပြောင်းဖို့ဆို သူမဖခင်တင်မကဘူး အတူပူပေါင်းထားတဲ့သူတွေကိုပါ သစ္စာပြန်ဖောက်ရမှာ ဖြစ်တယ်။

ပုန်ကန်မှုမှာ အဓိကပါဝင်သူဖြစ်တဲ့ ပိုင်ကျန်းချန်ကတော့ အပြစ်ဝန်ခံသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဘယ်ဧကရာဇ်မှ ပုန်ကန်မှုကို လျော့ပေါ့အပြစ်ပေးတယ်ဆိုတာ မရှိဘူးလေ။ သူ အပြစ်ဝန်ခံရင်တောင်မှ သေဒဏ်ကတော့ မလွဲမသေပဲ။

ရွှေနန်းထက်က ဧကရီ (Complete ✅)Where stories live. Discover now