ဒီဒေါသမျိုးက သူမ ပေါက်ကွဲပြလို့လည်း မရချေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျီဝူကျိုးက ဧကရာဇ်ပဲလေ၊ သူမ ဘယ်လိုလုပ် ဧကရာဇ်ရဲ့နှာခေါင်းကို လက်ညှိုးထိုးပြီး တဏှာရူးလို့ ပြောလို့ရမလဲ။ တိတိကျကျပြောရင် သူ ကြိုက်သလို ကြည့်နိုင်တာပဲလေ၊ သူ ဟွားကျောင်းရိကို အစိမ်းလိုက်ဝါးစားပစ်ရင်တောင်မှ ဧကရီမိဖုရားခေါင်တစ်ပါးအနေနဲ့ သူမက ဘာပြောနိုင်မှာတဲ့လဲ။ သူမ ဒေါသကို မျိုသိပ်ပြီး သူ တခြားမိန်းမရဲ့အိပ်ရာပေါ် လူးလိမ့်နေတာကို သည်းခံပေးရမယ့်အပြင် နောက်နေ့‌ရောက်ရင် သူမရဲ့စွမ်းဆောင်မှုအတွက်တောင် ဆုလာဘ်ချီးမြှင့်ပေးရဦးမှာ ဖြစ်တယ်။

ဒီအထိ တွေးမိပြန်တော့ ယဲ့ကျန်းကျန်း ဒေါသထွက်လာပြန်တယ်။ အရင်က ပြောခဲ့ဖူးသလိုပဲ ဧကရာဇ်ကို လက်ထပ်ရမှာထက်စာရင် ခွေးတွေကြက်တွေနဲ့ ယူလိုက်ရတာကမှ ပိုကောင်းဦးမယ်။

ဒေါသနည်းနည်းငြိမ်သွားတဲ့အခါ သူမ မသေချာမရေရာတဲ့ခံစားချက်နဲ့ ပူပန်လာပြန်တယ်။ ကျီဝူကျိုးက ဧကရာဇ်တစ်ပါးလေ၊ အနှေးနဲ့အမြန် တခြားမိန်းကလေးတွေဆီ ‌ရောက်သွားနိုင်တာပဲ!

ဒီခံစားချက်က သူမနှလုံးသားထဲ တိုးဝင်လာပြီး ဘယ်လိုဖြေရှင်းရမလဲ သူမ မသိတော့ဘူး။ ဒီပြဿနာကို ရှောင်ဖို့ကလည်း .... ကြည့်ရတာ ရှောင်နိုင်တော့မယ် မထင်ဘူး။

ဒီတော့ ဘာဆက်ဖြစ်နိုင်မလဲ? လက်ရှိ နန်းတော်ထဲမှာ ငယ်ရွယ်လှပတဲ့ မိန်းမလှလေးတွေ အများကြီးက သူ့ရှေ့ ဥဒဟို သွားလာပြနေတာလေ။ သူ့ဘက်က တစ်ချက် ကြည့်လိုက်ရုံနဲ့ ရင်ခွင်ထဲ ပစ်ဆင်းလာကြမယ့်သူတွေကြီးပဲ။

တကယ်ကို သိပ်မုန်းဖို့ကောင်းတာပဲ!

ယဲ့ကျန်းကျန်း အိပ်ရာထဲ လှဲနေရင်း ရုတ်တရက် သူမ အခုဖြစ်နေပုံက တကယ်ကို သဘောမကျချင်စရာပဲ။ ယောကျာ်းတစ်ယောက်အတွက်နဲ့ တခြားမိန်းကလေးတွေနဲ့ တိုက်ခိုက်နေရတယ်၊ နောက်ပြီး အဲ့တာကလည်း သူက တခြားမိန်းမလှလေးတစ်ယောက်ကို ပြုံးပြရုံနဲ့တင်တဲ့လေ၊ သူမ ဘယ်လိုတောင် ဖြစ်သွားတာလဲ။ ဒီနေ့မှာ သူ ကြင်နာပြီး စဥ်းစား‌ပေးတတ်ပေမဲ့ မနက်ဖြန်ကျ တခြားတစ်ယောက်ကိုကော ဒီလိုသွားလုပ်နေမလား ဘယ်သူက သိနိုင်မှာလဲ။

ရွှေနန်းထက်က ဧကရီ (Complete ✅)Where stories live. Discover now