သူမတို့ညီအစ်မနှစ်ယောက်အင်အားနှင့် ရှာဖွေသည့် ဝင်ငွေက ချမ်းသာသည့်စာရင်းထဲမဝင်ပေမယ့် တင့်တောင့်တင့်တယ်နေနိုင်သည့်စာရင်းထဲဝင်သည်မို့ တူမလေး‌ ရှေ့ရေးအတွက် စိတ်ပူစရာမရှိပေ

ပေလေးဆယ်ခြံထဲ၌ တည်ဆောက်ထားသည့် အပြာနုရောင်တိုက်အိမ်လေးက မေတ္တာတွေနှင့်ထုံမွှမ်းထားသည့်အိမ်မို့ အဝေးမှမြင်ရုံနဲ့တင် အမြင်အေးစေပါသည်

💕                     💕                            💕

နှလုံးအထူးကုဆရာဝန်တစ်ယောက်ဖြစ်သည့် ဦးလေးဖြစ်သူနှင့်အတူနေသည့် ဇေတခွန်ကတော့ ဂျစ်ကန်ကန်စရိုက်လေးနှင့်ဖြစ်သည်
မလိမ္မာတာလည်းမဟုတ် ပြောစကားနားထောင်ပြီး ဆုံးမရလွယ်ပေမယ့် သူသဘောမကျသည့်အရာဆိုလျှင် ဂျစ်ကန်ကန်လုပ်တတ်ကာ ဘုကလန့်ပြန်ပြောတတ်သည့်အကျင့်လေးက မွေးရာပါမို့ သူနှင့်တည့်အောင်ပေါင်းနိုင်သူက ခပ်ရှားရှားပင်
မျက်နှာက နဂိုကတည်းက တည်တည်တံ့တံ့ပုံစံလေးပါဆိုမှ သူကိုယ်တိုင်ကပါ မျက်နှာထားတင်းတင်းနဲ့နေတတ်သည်မို့ ချောမောသည့်မျက်နှာလေးဟာ ခက်ထန်မာကြောသည့်အသွင်ကိုဆောင်လေသည်

မိဘတွေက ငယ်စဉ်ကတည်းက နိုင်ငံခြားမှာအခြေချကာ မိသားစုလိုက်အတူနေဖို့စီစဉ်သော်လည်း မိဘများရှိရာ London သို့ သူမလိုက်သွားပေ
မြန်မာနိုင်ငံမှာသာ အမေဖြစ်သူ၏မောင်အငယ်ဆုံးဦးလေးဖြစ်သူနှင့် အတူနေခဲ့ကာ ကျောင်းဆက်တက်ခဲ့လေသည်

တူဝရီးနှစ်ယောက်တည်းသာနေသည်မို့ အိမ်အကြီးကြီးဝယ်မနေတော့ဘဲ တစ်ထပ်တိုက်ခဲရောင်လေးသာဆောက်လိုက်ပြီး ပိုနေသည့်မြေကွက်လပ်တွေ၌ သီးပင်စားပင်တွေအပြည့်စိုက်ထားလိုက်ကာ အိမ်အလုပ်သမားအဖြစ် ကြီးငွေတို့လင်မယားကိုသာခေါ်ထားလိုက်သည်

" သားဇေ လာကွာ ဒီမနက်စာကိုတော့ လေးလေးကိုယ်တိုင်ပြင်ထားတာ

အမယ် လူပျိုကြီးက ဟင်းတွေဘာတွေချက်လို့ပါလား
ဘာလဲ မိန်းမယူတော့မို့လား ယူရင်လည်းသားကိုကြိုပြောပြဦးနော် ကိုယ့်အဒေါ်ဖြစ်လာမယ့်သူဆိုတော့ သေသေချာချာစစ်ဆေးဦးမှ တော်ကြာမဟုတ်ကဟုတ်ကတွေနဲ့ညားနေမှဖြင့် ဒီတူလေးခင်ဗျာ ရင်ကျိုးရချည်ရဲ့

"လိုချင်တာမင်းရဲ့အချစ်"Where stories live. Discover now