"တို့တာဝန် ကျေပါတယ်နော်။"
"ဟုတ် ကျေးဇူးပါ မကြယ်။"
တစ်စွန်းတစ်စနဲ့ ဟိဏ်းခေါ်ဖြစ်လိုက်သလို သံသာလည်း လိုက်ခေါ်ဖြစ်တော့ ဒေါက်တာကြယ်စင်ထက်ညွှန့်က ပြုံးသွားသည်။
"ဟို.....။ မကြယ်လို့ပဲ ခေါ်မယ်နော်။"
"ဟိဏ်းဇမ္ဘူလိုမျိုးလား။
ရပါတယ်.... ဒီခေါ်သံက တော်တော်ကြာမှပြန်ကြားရတာပဲ။ တို့အတွက်ထူးခြားတယ်လို့ သတ်မှတ်ထားမယ်လေ။ သံသာနဲ့ ဟိဏ်းဇမ္ဘူကပေါ့။""ဟိဏ်းနဲ့ ရင်းနှီးကြတယ်မဟုတ်လား။"
အလောတကြီးနဲ့ရောက်လာပြီး အကူအညီတောင်းသည့် သံသာ့ကို ချက်ချင်းပဲကူညီပေးသည်။ ဟိဏ်းနဲ့ရင်းနှီးပုံရပေမယ့် ဟိဏ်းကိုလှည့်စားချင်တဲ့သံသာ့ကို ကူညီပူးပေါင်းပေးသည်။
အခုတော့ စိတ်ပညာရှင်၏စေ့စော်မှုကြောင့် ဖွင့်ထားခဲ့သော သံသာ့internetဆီမှာ စာတိုလေးတစ်ခုရောက်လာသည်။
"စာပို့ပြီလား....။"
"ဟုတ်ကဲ့...."
_အေး ဟု ရေးပို့ထားသော စာတိုလေးနောက်မှာ ဟိဏ်းရဲ့ချစ်ခြင်းမေတ္တာတွေကို ခံစားရပြန်သည်။ ဒီလောက်ဆို သံသာရွေးချယ်လို့ရသွားပြီထင်သည်။ သံသာ ယုံကြည်လို့လည်းရနိုင်ပြီ။
"တို့က မြိတ်ဇာတိလေ။ တို့မေမေက ပုလဲလုပ်ငန်းတွေကိုပိုင်ဆိုင်တဲ့သူတစ်ယောက်။ ဟိဏ်းဇမ္ဘူအဖိုးနဲ့က လူရင်းတွေ။ ဆိုတော့ တစ်ယောက်ရဲ့ငယ်ဘဝကို တစ်ယောက်ကသိကျွမ်းပြီးသားလိုဖြစ်ခဲ့တာ။ ရန်ကုန်ရောက်မှပြန်တွေ့တော့လည်း တို့တွေဟာသိနှင့်ပြီးသား မိတ်ဆွေသူငယ်ချင်းတွေပါပဲ။"
"ဟိဏ်းတို့က ညောင်ဦးဘက်ကမဟုတ်ဘူးလားဟင်။ "
"ဟိဏ်းဇမ္ဘူအဖွားရဲ့ ဇာတိဖြစ်မယ်။ ဖြစ်ချင်တော့ ကိုကိုမင်းကလည်း အဲ့ဒီဘက်အညာသားလေ။ ဟိဏ်းဇမ္ဘူတို့နဲ့ အိမ်ချင်းနီးတယ်။ နောက်ပိုင်းရန်ကုန်ပြောင်းလာကြတော့ အဆက်သွယ်မရှိကြပေမယ့် ပြန်ဆုံတော့လည်း စိမ်းသက်မနေကြတာပေါ့။"
"မကြယ်နဲ့ တရားသူကြီးက မွေးရပ်မြေမတူဘူးနော်။"
"ဟုတ်တယ်။ တို့မေမေဆုံးသွားတော့မှ တို့ကဒီအိမ်ကိုရောက်လာခဲ့တာ။ ကိုကိုမင်းတို့အညာအိမ်တောင် မရောက်ဖူးဘူးရယ်။"