ကျိမြန်မှာ ကျွန်းပေါ်မှ ထွက်ခွါရမည်ကို အနည်းငယ် တုန့်ဆိုင်းနေမိတော့သည်။ သူက ပြုံးကာ ပြောလိုက်၏။

"နောက်တစ်ခေါက်ကျ အပန်းဖြေခရီး ထွက်ကြရအောင် ..."

"ဟုတ်ကဲ့ ..."

ရှောင်ကျားရှုက အားတက်သရော ပြန်ဖြေလိုက်သည်။ မည်သည့်နေရာပင် ဖြစ်ပါစေ ကျိကော ရှိနေသရွေ့ ကောင်းပြီးသား ဖြစ်ပေသည်။ နှလုံးသားချင်း နီးနေပါလျှင် ကြီးပွားတိုးတက်နိုင်သည်ဟူသည့် အဆိုကို အမြဲလိုလို ယုံကြည်ခဲ့သူဖြစ်ရာ ကျွန်းပေါ်သို့ အလည်တစ်ခေါက်က ဤစကား မှန်ကန်ကြောင်း သက်သေပြလိုက်သလိုပင်။

ဘဝဟူသည် လူသားတို့ ရှင်သန်နေထိုင်ရသည့် ကာလ ဖြစ်ရာ‌ ကောင်းခြင်းဆိုးခြင်းမှာ မိမိ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိပေသည်။ ငွေကြေးဂုဏ်ရှိန်အာဏာနှင့် မည်သို့မှ မသက်ဆိုင်။ အကယ်၍ ငွေကြေးကြွယ်ဝပါလျှင် ဇိမ်ခံကားစီးကာ အိမ်ကြီးရခိုင်တွင် နေထိုင်ပြီး ငွေကြေး ချို့တဲ့ပါလျှင် တဲအိမ်အသေးလေးတွင် နေထိုင်မည်ဖြစ်သည်။ ချစ်ခြင်းမေတ္တာနှင့် စိတ်အ‌ခြေအနေကသာလျှင် အရေးအပါဆုံးဖြစ်သည်။

သူ့အတွေးတို့ကို ကြားလိုက်ရသည့်အခါ ကျိမြန်က ဆံပင်ကို ပွတ်သပ်ပေးရင်း တောက်တောက်ပပ ပြုံးပြလိုက်သည်။

ရိုက်ကူးရေးအဖွဲ့မှ ခွဲထွက်လာပြီးနောက် <<Zerg Wars 3 Return to the earth>> ၏ ပွဲဦးထွက် တင်ဆက်မှုကို တက်ရောက်ရန် အမေရိကန် ပြည်ထောင်စုသို့ ထွက်လာလိုက်ကြသည်။ ပွဲဦးထွက် တင်ဆက်မှုကို ဟောလိဝုဒ်ရှိ တရုတ်ပြဇာတ်ရုံတစ်ခုတွင် ကျင်းပကာ နာမည်ကြီးစတား အမြောက်အများ လာရောက်ကြပေသည်။ ရှောင်ကျားရှုမှာ လူသစ်တစ်ဦး ဖြစ်သည့်အပြင် တရုတ်လူမျိုးလည်း ဖြစ်နေသည့်အတွက် မီဒီယာများက သူ့ကို များစွာ စိတ်မဝင်စားကြ။ အခြားသရုပ်ဆောင်များက အလုအယက် အင်တာဗျုးခံနေရချိန်တွင် သူသည် နေရာတွင် ထိုင်နေရင်း လူတိုင်းကိုသာ လိုက်ကြည့်နေရတော့သည်။

ထုတ်လုပ်သူသာမက အဓိကဇာတ်ကောင်ကိုပါ သရုပ်ဆောင်ထားသော ကျိမြန်မှာ အများဆုံး အာရုံစိုက်ခံရသူဖြစ်သည်။ အကြောင်းအရာများကို မတော်တဆဖြစ်စေ၊ တမင်တကာ‌ဖြစ်စေ သူ့ကောင်လေးထံ ဦးတည်ပေးလိုက်သော်ငြား ရှောင်ကျားရှုကမူ လက်ကို ယမ်းပြကာ သူ့ကြင်နာမှုကို အသံတိတ် ငြင်းဆန်လိုက်သည်။

ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ  (IQ Team ကစာစဥ်တစ်ခုပါ) (Completed)Where stories live. Discover now