အပိုင်း(၁)

234 31 65
                                    

ရွှေဘုံခြားနှင့် စစ်နန်းချီရာဝယ်

အတွဲတစ်

အပိုင်းတစ် - ကျူးကျော်သူနှင့် တွေ့ဆုံခြင်း

သက္ကရာဇ် ၁၃၀၁ ခုနှစ်။ မိုးအကုန်၊ ဆောင်းအဝင် ပြာသိုလဆန်းကာလ။  မိုးသက်လေရိုင်း ကင်းစင်၍ လောကတခွင် ခြောက်သွေ့သာယာသော ဤရာသီသည် မြန်မာဘုရင့်နိုင်ငံတော်ကြီးကို အုပ်စိုးသည့် ရွှေပြည့်ရှင် မင်းတရားကြီး၏ နန်းသက်တမ်း ၅၃နှစ် တင်းတင်းပြည့်တင်းသော မင်္ဂလာအချိန်အခါလည်းဖြစ်သည်။

ရွှေပြည့်ရှင် မင်းတရားကြီးသည်  ရွှေပလ္လင်ထိုင်သည့် နန်းသက်တမ်းတစ်လျှောက်၌ တိုင်းပြည်ကို အေးချမ်းတိုးတက်စေရုံသာမက ပြည်သူပြည်သားများ၏ အကျိုးစီးပွားနှင့် အသက်အိုးအိမ်ကို အလေးထားသည့် ဥပဒေသစ်များ ပြဌာန်းခဲ့သဖြင့် တစ်တိုင်းပြည်လုံးရှိ  လူကြီးလူငယ်မရွေး၏ ချစ်ခင်ကြည်ညိုခြင်းကိုခံရသလို တိုင်းတပါးနိုင်ငံများထိပါ ဘုန်းသမ္ဘာကျော်စော၏။

စဥ်ဆက်မပြတ် ဦးမော့လျက်ရှိသော စီးပွားရေး၊ ရှေ့ပြေး‌နေသော နည်းပညာ အသစ်အဆန်းများ၊ အရည်အသွေးမြင့်မားသော ပညာရေးစနစ် စသည့် အကြောင်းအချက်များစွာတို့ကြောင့် မြန်မာဘုရင့်နိုင်ငံတော်သည် အာရှတိုက်၏ အတိုးတက်ဆုံးသော နိုင်ငံများတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ တိုင်းပြည် သာယာဝပြောသဖြင့် ဒုစရိုက်မှုများ နည်းပါးပြီး ဆူပူအုံကြွခြင်း အလျင်းကင်းမဲ့ကာ ရာသီအလိုက် ပွဲတော်များကို စည်စည်ကားကား ကျင်းပလေ့ရှိကြသည်က နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်နိုင်သည့် မြန်မာဘုရင့်နိုင်ငံတော်၏ အဓိကအချက်ဖြစ်လာသည်။

ဆောင်းမြူဝေသည့် လပြာသိုအစတွင် ပြည်သူပြည်သားတို့သည် ဥတုမှ ပေးစွမ်းသည့် အအေးဓါတ်နှင့် ကောင်းကင်မှ ချီးမြှင့်သည့် အကြည်ဓါတ်ကို ခံယူရင်း မြင်းခင်းသဘင်ပွဲတော်ကို သောင်းသောင်းဖြဖြ ရှူစားခဲ့ကြသည်။

နှစ်ကာလ ပြောင်းလဲလာသည်နှင့်အမျှ ပွဲတော်ကျင်းပပုံများလည်း ခေတ်အလိုက် ပြောင်းလဲလာသည်။  ယနေ့ခေတ် မြင်းခင်းသဘင်ပွဲတွင် ရှေးယခင်ကလို မြင်းစစ်သည်များ၏ မြင်းစီးစွမ်းရည်ပြ ပြိုင်ပွဲများ ပါဝင်ခြင်း မရှိတော့။ အထူးကာကွယ်ရေးတပ်မှ ထူးချွန်စစ်သည်လူငယ်များကို ရွေးထုတ်ကာ ရှေးခေတ်မြင်းစီးသူရဲကောင်းများအတိုင်း စစ်ဝတ်တန်ဆာ ဆင်ယင်စေပြီး သဘင်ကျင်းပရာ ကွင်းပြင်ကြီးတစ်လျှောက်တွင် မြင်းနက်ကြီးများစီး၍  မြင်းရေးပြ ချီတက်ကြခြင်းသာဖြစ်သည်။

ရွှေဘုံခြားနှင့် စစ်နန်းချီရာဝယ်Where stories live. Discover now