[Unicode]
"စေတန်နတ်ဆိုးရဲ့ထိန်းချုပ်မှုအောက်ရောက်ရှိနေတဲ့ ဒီယုတ်ညံ့တဲ့ ခန္ဓာအား သန့်ရှင်းစင်ကြယ်တဲ့အဖဘုရားသခင်ရဲ့ဝိညာဉ်တော်အောက်သို့ သွတ်သွင်းပေးတော်မူပါ.."
စကားဆုံးတာနှင့်တစ်ပြိုင်နက် ကုတင်ထက်ရှိ မိန်းမပျို၏အကြောများသည် ကောက်ကွေးလျက် အပေါ်သို့ ရုန်းထလာသည် ခြေနှစ်ဖက်လက်နှစ်ဖက်အား ကုတင်နှင့် တွဲချည်ထားသောကြောင့် လှုပ်မရပြုမရဖြစ်နေသည်ကို ဒေါသထွက်နေပုံရသည် တစ်ချက်တစ်ချက် အားပါပါ ဆွဲဆွဲဖြုတ်တာကြောင့် ထိုမိန်းမပျို၏လက်ကောက်ဝတ်များသည် ခရမ်းပုတ်ရောင်ဘက်သို့ ကူးပြောင်းလာသည်
"ဖာသာ သူသေတော့မယ် ရပ်လိုက်ပါတော့"
ကျမ်းစာအား တတွတ်တွတ်ရွတ်ဆိုနေသော သင်းအုပ်ဆရာတော်သည် သူ့စကားအား ဂရုမစိုက်ဘဲ လုပ်စရာရှိသည်ကို ဆက်လုပ်သည်
" ပရိတ်ရေနဲ့ပက်လိုက်..!!"
ဖာသာ့စကားအားကြားသည်နှင့် လက်ထဲရှိ ပရိတ်ရေဘူးအား အလျင်အမြန်ဖွင့်ကာ ကုတင်ပေါ်ရှိ မိန်းမပျိုအား ပက်ဖြန်းလိုက်သည်
"အားးးး လွှတ်ပေး အခုလွှတ်ပေး.!!"
ဝမ်းခေါင်းသံကြီးဖြင့် စူးစူးနင့်နင့်အော်လေ ပရိတ်ရေအားပိုပက်လေ ဖြစ်သောကြောင့် ထိုမိန်းမပျိုသည် ကုတင်ထက်တွင် တွန့်လိမ်ကောက်ကွေးကာ ပူလောင် အော်ဟစ်နေရှာသည်
"ဟင်းးး....."
သက်ပြင်းတစ်ချက်ချလို့ ညည်းသံအဆုံး မိန်းမပျိူသည် လှုပ်ရှားခြင်းတစ်စက်မှမရှိတော့ပေ
ဖာသာနဲ့သူ နှစ်ယောက်လုံး တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဆုံကာ မေးဆတ်ပြလိုက်ပြီး အနားကပ်သွားကာမှ အသံတိုးတိုးညင်ညင်သာသာလေးက ထွက်လာသည်
"ဖာသာ ကျွန်မကိုလွှတ်ပေးပါ လက်တွေအရမ်းနာနေပြီ ကျွန်မကို သနားပါ ဖာသာ လွှတ်ပေးပါ လွှတ်ပေးပါ..."
လွှတ်ပေးဖို့သာ တောင်းဆိုနေပုံသည် အလွန်ပင် သနားစဖွယ်ဖြစ်နေသည်
"ဖာသာထယ်ယောင်း မလုပ်နဲ့ ဒါ စေတန်ကလှည့်စားနေတာ ..."
ကြိုးတွေဖြည်ပေးဖို့ပြင်နေသည့် ထယ်ယောင်းလက်တွေသည် ဖာသာ့စကားကြောင့် လေထဲမှာပင် ရပ်တန့်သွားရသည်
