"အေး......."
သုံးထပ်ကျောင်းဆောင်၏ အထက်မြင့် လသာဆောင်တွင်တစ်ယောက်တည်းရှိနေပြီး အဝေးသို့ငေးကြည့်နေသည့် သူမပုံစံကနာမည်နဲ့လိုက်ဖက်လွန်းသည်။ အနေအေးသည့် ပုံစံဘက်သို့ရောက်နေသည့် မိန်းကလေးမျိုးမဟုတ်သော်လည်း အေးရဲ့တည်ရှိမှုကိုက အေးမြသည်။
"ဟိဏ်း......လာလေ။"
"ဘာလုပ်နေတာလဲဗျ......"
"ကြည့်နေတာလေ။ ကျောင်းက ကျယ်တယ်နော်....."
အကိုသုံးယောက်အတွက် အမေကိုယ်တိုင်ရင်းနှီးထားသည့် ဧရိယာအကျယ်အဝန်းက သူမကိုငေးမောနေစေသည်။
"မြေကွက်တွေကို သဘောကျလား အေး.....""ရန်ကုန်မှာဆို ဒီလိုမျိုးအကျယ်အဝန်းနဲ့နေရဖို့က မဖြစ်နိုင်ဘူးလေ။ ဒီလိုနေရာမျိုးရောက်မှ ဒီလိုမျိုးခံစားချက်ရလို့ ငေးနေမိတာပါနော်....."
"ရန်ကုန်မှာ အခုလိုမျိုးကျယ်ကျယ်ဝန်းဝန်းနေရမယ်ဆိုရင်ရော အေးကျွန်တော်နဲ့လိုက်နေမလား။"
"အလည်လာခဲ့မယ်...."
အိမ်၏အရှင်မ ရာထူးကို အပြီးတိုင်အပ်နှင်းထားချင်သူက ခဏတဖြုတ်လောက်ကိုသာ စိတ်ကူးရှိတော့ ခံစားရသည်။ နည်းနည်းလောက်ဖြစ်ဖြစ် အစောမွေးမပေးခဲ့တဲ့ အမေ့ကိုလည်း အပြစ်ဆိုချင်သည်။ အကယ်၍သာ ငြိမ်းရှင်လူနေရာမှာ ဟိဏ်းဇမ္ဘူသာဖြစ်ခဲ့လျှင် သူမနဲ့ချစ်ကြဖို့က ဒီလောက်ထိနှစ်တွေအကြာကြီးစောင့်နေရမှာမဟုတ်။
"ဒါနဲ့ ဟိဏ်း......"
တွေးနေသည့် သူ့ပုံစံကြောင့်ဖြစ်မည်။ သူမက မရေရာတဲ့သူ့မျက်နှာဆီကို စူးစိုက်၍ကြည့်ပြီး ခေါ်ဆိုလာသည်။
"အေး.....။ ကျွန်တော်...."
"ဟိဏ်း.....နင်တို့ရုံးအောက်က လက်ဖက်ရည်ဆိုင်ကလေ။ လက်ဖက်ရည်ကောင်းတယ်နော်။"
"အေး......"
"ပုံမှန်ဆို လက်ဖက်ရည်မကြိုက်တဲ့သူတောင်မှ အရသာစွဲတယ်။"
"ဒါဆိုလည်း ကျွန်တော့်ဆီသာ လာခဲ့။
နေ့တိုင်း လက်ဖက်ရည်တိုက်မယ်။"
ရည်ရွယ်နေသည့်စကားကို မပြောရသည်ကြောင့် တကယ်တမ်းပြောလိုက်ရသည့်စကားက စိတ်မရှည်တော့သလိုမျိုးနှင့် ဘုဘောက်ပြောသလို စောင့်အောင့်ပြီးထွက်သွားသည်။