အပိုင်း (၁၆) Zawgyi

Start from the beginning
                                    

လုရှိုးဝမ်က လှည့်စားခံလိုက်ရပြီဖြစ်ကြောင်းသိလိုက်ပြီး အမူအရာအနည်းငယ်ပြောင်းလဲသွားသည်။ နောက်ကိုလှည့်ကြည့်လိုက်သောအခါ အခန်းပြင်တွင်ရပ်နေသော ရင်းနှီးပြီးသားပုံရိပ်ကို တွေ့လိုက်ရ၏။

"သူရဲကောင်းသွမ့်"

လုရှိုးဝမ်က လက်ထဲမှဓားကို လှည့်ဖွက်လိုက်ကာ အမူအရာကချက်ချင်းတည်ငြိမ်သွားပြီး အပြုံးနှင့်အတူဆိုလာသည်။

"တိုက်ဆိုင်လိုက်တာ။ မင်းလည်း အိပ်မပျော်လို့ လမင်းကြီးကိုရှုစားဖို့ ထွက်လာတာလား။"

သွမ့်လင်က သူ့အနားကိုလျှောက်လာသည်။ အလင်းရောင်ကမှိန်ဖျော့လွန်းသဖြင့် သူ့မျက်နှာပေါ်မှအမူအရာကို လုရှိုးဝမ်မမြင်ရပေ။

"ကျွန်တော်က လမင်းကြီးကိုရှုစားချင်ရင်တောင် ခေါင်းဆောင်လင်ရဲ့အခန်းကိုတော့ လာမှာမဟုတ်ဘူး။"

"အယ်၊ ဒါကခေါင်းဆောင်လင်ရဲ့အခန်းလား။"

လုရှိုးဝမ်က အံ့သြသယောင်ဟန်ဆောင်ရင်းပြောသည်။

"ဒါပေမဲ့ ငါမြင်တာတော့ အခန်းထဲမှာ ဘယ်သူမှမရှိဘူးလားလို့လေ။"

သွမ့်လင်က အေးစက်စက်ပြန်ပြောသည်။

"အဲဒါက ခင်ဗျားရဲ့အကြံကို ကျွန်တော်ကြိုမြင်လို့ ခေါင်းဆောင်လင်အတွက် အခန်းလဲပေးလိုက်လို့လေ။"

"ဘယ်အချိန်တုန်းကလဲ"

"ခင်ဗျားနဲ့ကျွန်တော် ...... ပြီးသွားတော့ ကျွန်တော် အပြင်မှာ ရေသွားခပ်တဲ့အချိန်"

လုရှိုးဝမ်၏အပြုံးမျက်နှာက ပျက်ယွင်းမသွားဘဲ ဆက်မေး၏။

"ဒါဆို ငါက ခေါင်းဆောင်လင်ကိုသတ်မယ်ဆိုတာ ... မင်းဘယ်လိုခန့်မှန်းမိတာလဲ။"

"ခင်ဗျားရဲ့စိတ်နေသဘောထားကို ကျွန်တော်ကောင်းကောင်းသိတယ်။ ခင်ဗျားကဘယ်တော့မှ မလိုအပ်တဲ့အရာတွေကိုမလုပ်ဘူး။ အခုတော့ ကျွန်တော့်လက်ထဲလွယ်လွယ်နဲ့ဖမ်းမိခံတဲ့အပြင် ဒီရက်တွေထဲ တည်းခိုဆောင်မှာပဲငြိမ်နေပြီး ထွက်ပြေးဖို့လည်းမတွေးဘူး။ သေချာပေါက်တခြားအကြံတစ်ခုရှိနေမှာပဲလေ။ အစကတော့ ကျွန်တော်လည်း သေချာမသိခဲ့ဘူး။ ဒါပေမဲ့ ခေါင်းဆောင်လင်က လျိုရိရဲ့ဆရာသခင်နဲ့အတူရောက်လာတယ်။ ခင်ဗျားက ကျွန်တော်နဲ့လျိုရိရဲ့လှုပ်ရှားမှုတွေကိုလည်း လူလွှတ်ပြီး စုံစမ်းဖူးသေးတယ်။ ဒီတော့ ခင်ဗျားရဲ့ပစ်မှတ်က ဘယ်သူလဲဆိုတာ ခန့်မှန်းလို့ရသွားပြီလေ။ နောက်ပြီး ရှေ့ရက်တွေတုန်းက ခင်ဗျားက ကျွန်တော့်အပေါ် အေးစက်စက်လုပ်နေသလောက် ဒီနေ့ကျတော့ ရုတ်တရက် တရင်းတနှီးဖြစ်လာတယ်။ အဲဒါကြောင့် သံသယပိုဝင်မိသွားတာပဲ။"

ကျိုးပဲ့သစ်ကိုင်းငယ်Where stories live. Discover now