လေးနှစ်တာလုံး ထိုသူတစ်ယောက်တည်းကိုသာမျှော်ကြည့်ခဲ့သည်။ လက်လှမ်းမမီနိုင်တဲ့ မင်းသားလေးလိုမျိုး အဝေးကပဲကြည့်နေနိုင်ရုံဖြင့် ကျေနပ်ခဲ့သည်။
ပန်းပင်တစ်ပင်ကိုစိုက်ပျိုးတဲ့အခါ ပွင့်လာသောပန်းကိုခူးယူးပန်ဆင်ရမည်ထက် အလှထားရင်းသာ တစိမ့်စိမ့်ကြည့်ရှုဖို့ကိုသာ လိုလားခဲ့သလို အီထယ်ယုံးဆိုသည့် ချစ်ရသူကိုလည်း အဝေးကနေသာ ကြည့်ခွင့်ရရင်ဆိုပြီး ကျေနပ်တင်းတိမ်ခဲ့သည်။မေဂျာလည်းမတူ လူလုံးပြခြင်းမရှိခဲ့သလို သတိထားမိအောင်နေပြခြင်းပင်မရှိခဲ့တာကြောင့် ချစ်ရသူကတော့ သူ့ကိုလုံးဝသတိထားမိမည်မထင်ပါ။
ထိုအနေအထားနှင့်ပင် လေးနှစ်တာလုံးအဆင်ပြေခဲ့ပြီးသော်လည်း အစတိုင်းမှာအဆုံးရှိသလိုမျိုး ကိုယ့်ရဲ့တစ်ဖက်သတ်တွေ့ဆုံခြင်းမှာလည်း တစ်ဖက်သတ်ခွဲခွာခြင်းဟာရှိလာခဲ့လေပြီ။လက်လှမ်းမမီနိုင်တဲ့ နေမင်းလိုမျိုးချစ်ရသူဟာ အဝေးဆုံးအမြင့်ဆုံးကိုပျံသန်းသွားတော့မည့်အချိန်မှာ ဒိုယောင်းကလည်း ထိုသူနှင့် ဆန့်ကျင်ဘက်တကာ့ ဆန့်ကျင်ဘက် ဝေးရာလမ်းကိုလျှောက်ရမည်ဖြစ်သည်။
သူတို့ဟာနဂိုကတည်းက ဆုံမှတ်တစ်ခုတည်းမှာမရှိခဲ့သလို၊ မျဥ်းတစ်ကြောင်းထဲမှာလည်းမရှိခဲ့ကြ။
မျဥ်းပြိုင်လို့ပင်ပြောမရအောင် ဦးတည်ရာတွေက ဆန့်ကျင်ဘက်မှာရှိနေကြပါသည်။
တကယ်ကို မတူညီတဲ့ကမ္ဘာနှစ်ခုက လူတွေပါပင်။..
ဘွဲ့နှင်းသဘင် အခမ်းအနားစလေပြီ။
အဆင့်ဆင့်မိန့်ခွန်းပြောနေကြသော်လည်း ဒိုယောင်းကတော့ ဘာကိုမှမကြားသလို ဘာကိုမှမမြင်နိုင်တော့ပေ။
သူရဲ့မျက်ဝန်းလားရာဟာ သူ့အရှေ့ဘက် ခပ်လှမ်းလှမ်းမှာထိုင်နေသော အီထယ်ယုံးဆီသို့သာ အကြည့်များကျောက်ချထားလျက်ရှိလေသည်။" ဂင်မ်ဒိုယောင်း...ဂင်မ်ဒိုယောင်း မင်းနာမည်ကိုခေါ်နေတာ သုံးခါတောင်ရှိနေပြီ"
နံဘေးမှ အတန်းဖော်က လက်တို့ခေါ်ကာမှ ဒိုယောင်းအသိစိတ်တို့ပြန်လည်လာသည်။
ကပျာကယာနဲ့ မတ်တပ်ထရပ်လိုက်တော့ ခန်းမတစ်ခုလုံးရဲ့ အကြည့်ဟာ ဒိုယောင်းအပေါ်ပုံကျလာလေသည်။
ဒိုယောင်းလည်း မသိစိတ်အရ ထယ်ယုံးကိုအလိုလိုကြည့်လိုက်တော့ ထယ်ယုံးဟာလည်း သူ့ကိုကြည့်လို့နေလေသည်။
ထုံးစံအတိုင်းပင် ရင်တစ်ချက်ဒိန်းခနဲဆောင့်ခုန်သွားပေမယ့် ဝမ်းနည်းမှုတွေကအစားထိုးလှိုက်ဝင်လာပြန်သည်။
ယခင်ကဆိုလျှင် အီထယ်ယုံးနဲ့အကြည့်တစ်ချက်ဆုံမိတာနဲ့ ဒိုယောင်းတစ်ယောက် တစ်ပတ်လောက်ထိ မျက်နှာပိုးမသတ်နိုင်ဖြစ်ကာ ရင်ခုန်ရသော်လည်း...
အခုတော့ ဒါဟာနောက်ဆုံးသော အကြည့်ဆုံးခြင်းပင်။
The Bittersweet Ending
Beginne am Anfang