"ရှောင်ရှု နောက်ပိုင်းကျ မင်းကို ဒီနံရံမှာ သံကြိုးနဲ့ ချည်ထားမှာ ပြီးရင် ကြာပွတ်နဲ့ ရိုက်လိမ့်မယ် သိလား အရမ်းကို သည်းသည်းထန်ထန်သာ ငိုချပစ် မင်းရဲ့ ပုံရိပ်တွေဘာတွေကို ဂရုမစိုက်မနေနဲ့ မင်း သရုပ်ဆောင်ရမယ့် ရှုထျန်းယုဆိုတာ အလိုလိုက်ခံထားရတဲ့ လူချမ်းသာသခင်လေးတစ်ယောက်ဆိုတော့ သေရမှာ ကြောက်လို့ ဒါကို လုံးဝ သည်းခံနိုင်မှာ မဟုတ်ဘူး မင်းမျက်နှာကိုလည်း အနီးကပ် ရိုက်ရမှာ ချူသံပါအောင် အော်ငိုတယ်ဆိုတာကို သိတယ် မဟုတ်လား အဲဒီ့အတိုင်းပဲ ရုပ်ဆိုးလေ ကောင်းလေ သနားစရာဖြစ်လေ ကောင်းလေပဲ နားလည်ပြီလား ..."

ရှောင်ကျားရှုက သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်သည်။

"နားလည်ပြီ သူ ခံရတဲ့ဟာတွေကို ကြောက်လေလေ လာကယ်တဲ့ ဟန်သုံကို ပိုပြီး ကျေးဇူးတင်လေပဲ အဲဒါကြောင့်လည်း သူတို့ရဲ့ သူငယ်ချင်းသံယောဇဉ်က တစ်သက်လုံး တည်မြဲပြီးတော့ ခံစားချက်တွေကို သိမ်းဆည်းထားရတာ ..."

"ဟုတ်တယ် ဒီအတိုင်းပဲ ..."

ကျောက်ချွမ်က ဇာတ်ကွက်ပြင်ဆင်ပေးသူကို လှမ်းခေါ်လိုက်သည်။

"လာ လာ သူလက်တွေကို နံရံ‌မှာ ချိတ်ဆွဲထားလိုက်တော့ ..."

ဤသို့ဖြင့် ဒဏ်ရာဒဏ်ချက်တို့ ပြည့်နှက်နေသော ရှောင်ကျားရှုတစ်ယောက် နံရံတွင် ချိတ်ဆွဲခံလိုက်ရကာ ကြာပွတ်များ ကိုင်ထားသည့် လူဖြူဇာတ်ပိူ့နှစ်ယောက်ကလည်း သူ့ကို ရက်စက်ကြမ်းကြုတ်မှု အပြည့်ဖြင့် စိုက်ကြည့်နေလိုက်ကြသည်။ ရိုက်ကူးရေး မစတင်မီမှာပင် ဤ အလွန်အမင်း ရင်းနှီးကျွမ်းဝင်နေသည့် မြင်ကွင်းကြောင့် သူ့နှလုံးသားအောက်ခြေအထိ မြှုပ်နှံထားသည့် ကြောက်မက်ဖွယ် အမှတ်တရတို့ ပြန်လည်နိုးထလာကာ ဟန်မဆောင်နိုင်လောက်အောင်ပင် ကြောက်ရွံ့လာတော့သည်။ ထို့ကြောင့် ဤသည်မှာ သရုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း၊ အတုအယောင်သာ ဖြစ်ကြောင်း အထပ်ထပ်အခါခါ သတိကပ်ရင်း ထိန်းချုပ်မှု လွတ်မသွားစေရန် ကြိုးစားလိုက်ရတော့သည်။

မည်သို့ပင်ဖြစ်စေ သူ့ကိုယ်ပေါ်သို့ ကြာပွတ်တစ်ချက် ကျရောက်လာသည့်အခါ ၎င်းမှာ မနာကျင်သည့်တိုင် ငရဲသို့ ခေါ်ဆောင်သွားနိုင်ဆဲပင်။ အကြည့်တစ်ခုလုံး မျက်ရည်တို့ဖြင့် ပြည့်နှက်သွားကာ ပြင်းထန်လှသည့် ကြောက်ရွံ့စိတ်က သူ့တစ်ကိုယ်လုံးကို ဝါးမျိုစားသောက်သွားတော့သည်။ နောက်ဆုံးလက်ကျန် အသိစိတ်လေးနှင့်အတူ မြေပေါ် ဒူးထောက်ကာ တစ်ကိုယ်လုံး တခိုက်ခိုက် တုန်ရီလျက် တောင်းပန်လိုက်သည်။

ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ  (IQ Team ကစာစဥ်တစ်ခုပါ) (Completed)Where stories live. Discover now