အပိုင်း {၅၁} (ZAWGYI)

Start from the beginning
                                    

"ပါပါး ..လာလေ။ ထိုင် ..."

ပါပါးကို လူနာရှင်ထိုင်ခုံ၌ နေရာချပေးလိုက်ကာ ရေတစ်ခွက် ခပ်ပြီး ပါပါးရှေ့ ချပေးလိုက်ပြီးကာမှ မာန် နေရာ၌ ပြန်ထိုင်လိုက်သည်။ ရုတ်တရက် စကားလုံးတို့ ပျောက်ရှကုန်သလို မာန်ရော ပါပါးပါ စကားမပြောဖြစ်ကြဘဲ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အလွမ်းသယ်နေကြသယောင်။ မျက်လုံးအိမ်၌ မျက်ရည်စတို့ ဝေ့သီမနေရုံမှအပ နှစ်ဦးစလုံး၏ အကြည့်တို့၌ ဝမ်းနည်းရိပ်များ အသားတကျ ပျော်ဝင်နေသည်။

"ပါပါး ..မျက်နှာ ချောင်ကျသွားတယ်နော်။ နေရောကောင်းရဲ့လား။ အန်းမားရော ..ဘယ်လိုနေလဲဗျ။"

ဝတ်ကျေတန်းကျေ မေးနေသည်မျိုး မဟုတ်ပေမဲ့ ၄ လတာ ကွဲကွာနေသည့် သားအဖနှစ်ယောက်ကြားရှိ စကားဝိုင်းကို ဖွင့်ရန် သာကြောင်းမာကြောင်း မေးရုံမှအပ ပြောစရာ ခေါင်းစဉ် ပျောက်ဆုံးနေသလိုပင်။ မာန်က မေးတော့ ပါပါး၏ အဖြေ မတိုင်ခင် ကြားလိုက်ရသည့် သက်ပြင်းချသံ တိုးတိုးသည် တိတ်ဆိတ်နေသော ဆေးခန်းငယ်အတွင်း လိုတာထက် ပိုပြီး ကျယ်လောင်နေသလိုပါပဲ။

"ပါပါးတို့အားလုံး နေကောင်းပါတယ်။ မာန်လေး ..ပါပါး မေးတာ အမှန်အတိုင်းဖြေ။ သား တစ်ဘဝလုံး လှိုင်းနဲ့ နှစ်ယောက်တည်းပဲ နေသွားတော့မလို့လား။ ခုနက ကလေးလေးလိုမျိုး သား ကလေးမလိုချင်ဘူးလား။"

"မလိုချင်ဘူး ပါပါး။ ကျွန်တော့်အတွက် လှိုင်း ရှိရင် လုံလောက်တယ်။ တခြားဘယ်သူမှ မလိုအပ်ဘူး။"

ခပ်ပြတ်ပြတ် ထွက်ပေါ်လာသော မာန့်စကားသံသည် လီဆယ်စကား မဟုတ်ပါဘဲ ဘာလို့များ အက်ကွဲနေရသနည်း။ အက်ကွဲနေသော အသံက မာန့်ကို သစ္စာဖောက်နေစေကာမူ မာန်သည် ပါပါး၏ အကြည့်တို့ကို ထိပ်တိုက်ရင်ဆိုင်နေမိသည်ကား ဖခင်ဖြစ်သူကို မခန့်လေးစားသဘောဖြင့် ကလန်ကဆန်လုပ်ကာ တန်ပြန်ကြည့်နေသည်မျိုး မဟုတ်ဘဲ ချစ်မိခဲ့သူက ယောင်္ကျားလေး ဖြစ်ခဲ့ရုံမှတစ်ပါး အမှားအယွင်း မရှိခဲ့သည့် မေတ္တာအတွက် သတ္တိတို့ကို ရှေ့တန်းတင်နေမိခြင်းသာ။ တကယ်လည်း လှိုင်းကို ချစ်ခဲ့တာဟာ အမှားတစ်ခုမှ မဟုတ်ခဲ့ဘဲ ... မာန်သည်လည်း အများနည်းတူ လူတစ်ယောက်ကို ချစ်ကျွမ်းဝင်ခဲ့မိရုံသက်သက်သာ ၊ ထိုချစ်မြတ်နိုးခဲ့မိသူက မိန်းကလေးတစ်ယောက်မဟုတ်ဘဲ မိမိနှင့် တူညီခြင်း ထပ်တူကျနေသော ယောင်္ကျားသားတစ်ယောက် ဖြစ်နေခဲ့ရုံသက်သက်သာ။

လမင်းခြေသံ { Completed }Where stories live. Discover now