ရှောင်ကျားရှုမှာလည်း မျက်လုံးကိုပင် မဖွင့်နိုင်လောက်အောင် ကြောက်ရွံ့နေသော်လည်း ကျိမြန်က အောက်ဆင်းနေသည့်အတွက် ကျောက်ဆောင်အစွန်းအထိ ရွှေ့ကာ မျက်လုံးကို မနည်းအားတင်းပြီး ဖွင့်ထားလိုက်တော့သည်။ ကျိမြန်၏ ခြေထောက်တို့ ချော်ထွက်သွားကြောင်း တွေ့လိုက်ရသည့်အခါ သူ့ခြေထောက်များလည်း ပျော့ခွေကာ ယိုင်လဲကျတော့မတတ် ဖြစ်သွားတော့သည်။ ယုပိုင်ရှို့က သူ့ကို လှမ်းဆွဲထားလိုက်မိ၍သာ တော်သေးသည်။

တစ်ကိုယ်လုံး ချွေးစေးတို့ဖြင့် အေးစက်နေကာ မတ်တပ်ပင် မရပ်နိုင်တော့သည့်အတွက် မြေကြီးပေါ် လဲလျက်သာ ကျိမြန်ကို ကြောက်လန့်မှုနှင့် ခေါင်းမာမှုတို့ ရောယှက်နေသည့် အနီရောင်မျက်ဝန်းတို့ဖြင့် စိုက်ကြည့်နေလိုက်တော့သည်။ ကျိကော မြေ‌ပြင်ပေါ်သို့ ဘေးကင်းကင်း သက်ဆင်းနိုင်သည်အထိ သူ့ကိုယ်ပိုင်မျက်စိဖြင့် တပ်အပ်မြင်ရမှ ဖြစ်ပေမည်။

ကျိမြန်တွင် စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်တို့ ကင်းမဲ့နေသည်တော့ မဟုတ်။ ပြုတ်ကျလုမတတ်ပင် ဖြစ်သွားသည့် ရှောင်ကျားရှု၏ ပူပန်စိတ်နှင့် နှိုင်းယှဉ်ပါလျှင် စာမဖွဲ့သာရုံမျှသာ ဖြစ်ပေသည်။

"ရှောင်ရှု ခပ်ဝေးဝေးကိုသွား ..."

သူက အပေါ်ကို မော့ကြည့်ကာ လှမ်းအော်လိုက်သည်။

ဘာလို့ ဒုသခင်လေးရှောင်ကို ခပ်ဝေးဝေး သွားခိုင်းနေတာလဲ ....

ရပ်ကြည့်နေသူအားလုံး ပဟေဠိ ဖြစ်သွားကြတော့သည်။

"ကျွန်တော်မသွားဘူး ..."

ရှောင်ကျားရှုက အကြောင်းပြချက်ကို မေးရန်ပင် သတိမရတော့။ အစွန်နားရှိ ကျောက်တုံးတစ်တုံးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် လှမ်းအော်လိုက်သည်။

"ကျိကော ကျွန်တော့်ကို ကြည့်မနေနဲ့ ‌ခြေထောက်ကိုပဲ အာရုံစိုက်ထား ခြေ‌ချလို့ရမယ့် နေရာကို ရှာလိုက် မခိုက်မိစေနဲ့ သေချာဂရုစိုက်ရမယ်နော် ဖြေးဖြေးပဲဆင်း အလျင်စလို မလုပ်နဲ့ ဟွမ်ကောရဲ့ အရှိန်နဲ့လည်း သွားမယှဉ်နဲ့ တကယ်လို့ စားစရာ မလောက်ရင်လည်း ကိစ္စမရှိဘူး ကျွန်တော် လျော့စားပေးမယ် ဟုတ်ပြီလား ..."

ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ  (IQ Team ကစာစဥ်တစ်ခုပါ) (Completed)Where stories live. Discover now